ရေအတွက် ပူပင် ကြောင့်ကြနေကြ ရသည့် ဒုက္ခ။ Water Stress

ဦးကျော်ဦး Facebook post ( 4/9/2022) ကို ပြန်လည် ကူးယူ မျှဝေပါသည်.

ပူပင်သောကတွေ၊ စိတ်ဓာတ်ရေးရာ မလုံမခြုံဖြစ်တာတွေ များနေသူကို စိတ်ဖိစီးမှု (stress) ခံစားနေရသူဟု သိကြပါသည်။ အလားတူ ရေအရင်းအမြစ် ချို့တဲ့ခြင်း၊ ရနိုင်တာထက် ပိုသုံးနေခြင်းစသည်တို့ကြောင့် ရေလုံလောက်စွာ ရမှ ရပါတော့မလားဟု စိုးရိမ်နေရခြင်းကို water stress ဟု ခေါ်သည်။ “ရေအတွက် ကြောင့်ကြနေရခြင်း”ဟု ပြန်ဆိုလိုသည်။ နိုင်ငံတစ်နိုင်ငံတွင် လူတစ်ဦးချင်းအတွက် ပျမ်းမျှ ရေသုံးစွဲသည့် ပမာဏနှင့် တစ်ဦးစီအတွက် ရနိုင်သော ရေအရင်းအမြစ်ပမာဏတို့ကို အချိုးချလျှင် ရေအတွက် ကြောင့်ကြကိန်းကို ရသည်။

ပူးတွဲပုံသည် လစ်ဗျား၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ရေအတွက် ကြောင့်ကြကိန်းကို ပြသည့်ပုံ ဖြစ်သည်။ ယင်းပုံကို အသေအချာ ကြည့်ပါက ထူးခြားချက်တစ်ခုကို တွေ့ရပါမည်။ ပုံကို စက္ကန့်အနည်းငယ်ခန့် စူးစိုက်ကြည့်၍ ယင်းထူးခြားချက်ကို ရှာဖွေကြစေလိုပါသည်။

?

?

?

?

?

ထူးခြားချက်မှာ အီဂျစ်မှစကာ အိုမန်၊ ဘာရိန်းစသည်တို့အထိ အရှေ့အလယ်ပိုင်းနိုင်ငံများ အားလုံးလိုလို ပါသော်လည်း အရှေ့အလယ်ပိုင်းနိုင်ငံပင် ဖြစ်သည့် အစ္စရေး မပါခြင်း ဖြစ်သည်။ အစ္စရေး မပါခြင်းမှာ အစ္စရေးသည် ပင်ကိုက ရေအရင်းအမြစ် အလွန်နည်းပါးသည့်နိုင်ငံ ဖြစ်သော်လည်း ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းလှသည့်အတွက် ရေအတွက် ပူပင်ကြောင့်ကြစရာ မလိုတော့သည်သာမက ပြည်တွင်းသုံးစွဲနိုင်သည့် ရေပမာဏထက် ၂၀ ရာခိုင်နှုန်းမျှ ပိုလွန်အောင် စီမံထုတ်လုပ်ထားနိုင်သောကြောင့် ဖြစ်သည်။ (ယင်းအကြောင်း မဖတ်ရသေးလျှင် ဤလင့်ခ် https://kyawoo.com/2022/08/04/အစ္စရေး-ရေအရင်းအမြစ်-စီမ/ ၌ လေ့လာနိုင်ပါသည်။)

AUGUST 4, 2022

အစ္စရေး ရေအရင်းအမြစ် စီမံခန့်ခွဲမှု၏ ထူးခြားချက် ငါးချက်

သဲကန္တာရမြေများကို စိုက်ခင်းများအဖြစ်သို့ ပြောင်းနိုင်ခဲ့သော အစ္စရေး ရေအရင်းအမြစ် စီမံခန့်ခွဲမှုတွင် အားကျ အတုယူစရာ အချက်ငါးချက် ရှိသည်။

၁ – ရေရရှိရေးကို အလေးထားခြင်း

အစ္စရေး အမျိုးသား ရေပေးရေး စနစ်

အစ္စရေးနိုင်ငံ မတည်မီ ယင်းဒေသ၌ အခြေချသူ ဂျူးလူမျိုးတို့သည် ၁၉၃၉ ခုနှစ်က ရေပိုက်လိုင်းများ ချ၍ ရေရရှိရေး လုံးပမ်းခဲ့ကြသည်။ ၁၉၅၉ ခုနှစ်မှစ၍ အမျိုးသား ရေပေးရေး စနစ် (The National Water Carrier )ကို အကောင်အထည် ဖော်ခဲ့သည်။ ယင်းစီမံကိန်းဖြင့် လူဦးရေ အများဆုံး နေထိုင်သော်လည်း ရေရှားသည့် နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ နိုင်ငံမြောက်ပိုင်း ဂါလာလီ(Galilee) ရေအိုင်မှ ရေများကို တစ်ရက်လျှင် ရေကုဗမီတာ ၁ . ၇ သန်း အထိ ပို့ပေးခဲ့သည်။ အစ္စရေးနိုင်ငံ စတင် ကြီးပွားတိုးတက်လာခြင်းတွင် အမျိုးသား ရေပေးရေး စနစ်နှင့် ဂါလာလီရေအိုင်၏ ရေများက အရေးပါသည့် ကဏ္ဍက ပါဝင်ခဲ့သည်။

အစ္စရေး အမျိုးသား ရေပေးရေး စနစ်၏ အစိတ်အပိုင်းတစ်ခု

၂ – အစက်ချ ရေပေး စိုက်ပျိုးခြင်း

၁၉၅၉ ခုနှစ်က အစ္စရေး နိုင်ငံသား Simcha Blass တို့ သားအဖ စတင်ခဲ့သော အစက်ချ ရေပေး စိုက်ပျိုးခြင်း စနစ်ကို တစ်နိုင်ငံလုံး အသုံးချနိုင်ခြင်းသည် အစ္စရေး ရေဖူလုံခြင်း၏ အဓိက အချက်များအနက် တစ်ခု ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို သောက်သုံးရေ၊ လုပ်ငန်းသုံးရေတို့ထက် စိုက်ပျိုးရေ လိုအပ်ချက်က အနည်းဆုံး သုံးဆခန့် များပြားသည်၊ စိုက်ပျိုးကဏ္ဍ၌ ရေလေလွင့် ဆုံးရှုံးမှုကလည်း အခြားကဏ္ဍများထက် အနည်းဆုံး သုံးဆခန့် များပြားသည်။ အစက်ချ ရေပေး စိုက်ပျိုးခြင်းကိုသာ မကျင့်သုံးခဲ့လျှင် အစ္စရေးတွင် ရေဖူလုံမည် မဟုတ်ချေ။ အစ္စရေး စိုက်ခင်းများတွင် ရေလေလွင့်မှုကို ၅၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ နောက်ပိုင်း ပေါ်ထွန်းလာသော အစက်ချ ရေပေး စိုက်ပျိုးခြင်း နည်းပညာများကြောင့် ရေလေလွင့်မှုကို ၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့သည်။ အစ္စရေး က တီထွင်ထားသော အစက်ချ ရေပေး စိုက်ပျိုးခြင်း နည်းပညာဖြင့် စပါးစိုက်ရာတွင် ရေလိုအပ်ချက် သမားရိုးကျနည်းထက် ၇၀ ရာခိုင်နှုန်းခန့် နည်းပြီး အထွက် ၃၀ ရာခိုင်နှုန်း တိုးသည်ဟု သိရသည်။

၃ – စွန့်ပစ်ရေဆိုးကို သန့်စင်၍ ပြန်လည်အသုံးချခြင်း

အစ္စရေးတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကတည်းက စွန့်ပစ်ရေ(waste)ကို အရင်းအမြစ် (resource) တစ်ခုအဖြစ် သဘောထား၍ ပြန်လည်သန့်စင်အသုံးချခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် စွန့်ပစ်ရေအားလုံး၏ ၉၅ ရာခိုင်နှုန်းကို စိုက်ပျိုးရေးကဏ္ဍတွင် သုံးရန် ဦးတည်ချက် ထားသည်။

၄ – ရေငန်မှရေချိုချက်ခြင်း

အစ္စရေးတို့သည် ၂၀၀၅ ခုနှစ်မှစ၍ ရေချိုချက်စက်ရုံများ တည်၍ ရေပေးဝေခဲ့ရာ နိုင်ငံတွင်း ရေဖူလုံသည့်အပြင် မကြာမီ ပါလက်စတိုင်းနှင့် ဂျော်ဒန်တို့အတွက်ပါ ရေချိုချက်လုပ်ပေးဝေနိုင်တော့မည်။

၅ – ရေအလေအလွင့်ထိန်းသိမ်းခြင်း

ရေပေးဝေရေးစနစ်ရှိ ပိုက်နှင့် အခြားပစ္စည်းများ ချို့ယွင်း ပေါက်ပြဲခြင်းကြောင့် နိုင်ငံအများအပြားတွင် ရေဆုံးရှုံးမှု ၃၀ ရာခိုင်နှုန်းခန့် ရှိသော်လည်း အစ္စရေးတွင် ၈ ရာခိုင်နှုန်းသာ လေလွင့်ဆုံးရှုံးအောင် စီမံထားနိုင်သည်။

အထက်ပါ အချက်ငါးချက် အပါအဝင် ရေအရင်းအမြစ် စီမံခန့်ခွဲမှု ကောင်းမွန်မှန်ကန်ခြင်းကြောင့် ခြောက်သွေ့သော ရာသီဥတုပိုင်ရှင် အစ္စရေး၏ ရေရရှိမှုသည် နိုင်ငံတွင်း ရေလိုအပ်ချက်ထက် ၂၀ ရာခိုင်နှုန်းမျှ ပိုလွန်ခဲ့၍ အိမ်နီးချင်းနိုင်ငံများသို့ပါ တင်ပို့ပေးဝေနိုင်ပြီ ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများသို့ ရေပေးခြင်းအပြင် အစ္စရေးနိုင်ငံ တိုးတက်လာအောင် အထောက်အကူ ပြုခဲ့သော်လည်း ယခုအခါ ရေလျော့နည်းလာလိုက်၊ ပြန်ပြည့်လာလိုက်နှင့် ပုံမှန်မဟုတ်တော့သော ဂါလာလီရေအိုင်ကိုပင် ရေချိုဖြင့် ပြန်ဖြည့်ပေးနိုင်တော့မည်။ မြေထဲပင်လယ် ကမ်းရိုးတန်းရှိ ရေချိုချက်စက်ရုံများမှ ရေဖြင့် ဂါလာလီရေအိုင်ကို ၂၀၂၃ ခုနှစ်တွင် ပြန်ဖြည့်ရန် လုပ်ဆောင်နေသည်။

ထိုအခါ အစ္စရေးသည် သဘာ၀ရေချိုအိုင်တစ်ခုကို ရေငန်မှ ချက်လုပ်ထားသော ရေချိုဖြင့် ပြန်ဖြည့်ပေးသော ပထမဆုံးနိုင်ငံ ဖြစ်လာမည်။

ဆက်စပ်လေ့လာရန် အစ္စရေး၏ရေအရင်းအမြစ် Click here

ရည်ညွှန်း –

၁ – https://www.israel21c.org/
၂ – Israel to be 1st in world to pipe desalinated water into a natural lake, the Galilee (https://www.timesofisrael.com/)

Share this:

Related

September 24, 2021

In “Resources”

September 17, 2021

In “Resources”

October 9, 2021

In “Resources”

Published by ukyawoo