ဘီဘီစီ ဘိုဘို ရေးတဲ့ မြို့ မကိုပေါ အ ေကြာင်း။
ဘီဘီစီ မြန်မာပိုင်း မှာပေါ် လာသော ၊ဆောင်းပါး
အမှတ်တရ၊ ပြန်လည် မျှဝေပါသည် ။
မြို့မကိုပေါနဲ့ ချစ်အာရုံထဲက မန်းသင်္ကြန်
• ဘိုဘို
• ဘီဘီစီမြန်မာပိုင်း
၃၁ သြဂုတ် ၂၀၂၂

ဓာတ်ပုံ ရင်းမြစ်, မြို့မဦးသန့်ဇော်
မန္တလေးမြို့မ ဂီတမှူး ကိုပေါ
အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ အကယ်ဒမီ မြို့မကိုပေါဟာ နာမည်ကျော် သင်္ကြန်မိုးကားရဲ့ ဂီတမှူး၊ သီချင်းကောင်းတွေ ရေးစပ်ခဲ့သူအဖြစ် လူသိများသလို မြန်မာပြည်ရဲ့ သက်တမ်းအရှည်ဆုံး မန္တလေး မြို့မတူရိယာအသင်းရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ နာယကကြီးအနေနဲ့လည်း ထင်ရှားခဲ့ပါတယ်။ နောက် ၁၉၆၂ မတိုင်ခင်က မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရခဲ့သူတွေထဲမှာ နောက်ဆုံးကျန်ရစ်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။
ကိုပေါ ကွယ်လွန်ခြင်းဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်နဲ့ စစ်ပြီးစက မြန်မာပြည်အထက်ပိုင်းမှာ လူငယ်တစု ကြိုးပမ်းခဲ့ကြတဲ့ ခေတ်ပေါ်ဂီတပေါ်ထွန်းရေး လှုပ်ရှားမှုရဲ့ အဆုံးသတ်အခန်းတရပ်လည်း ဖြစ်ပါတယ်။ သူ့ဆရာအရင်းတွေ ဖြစ်တဲ့ မြို့မငြိမ်းနဲ့ ဓားတန်းဦးသန့်တို့ အမည်တွေဟာ ကိုပေါနဲ့ စန္ဒရား ဦးသိမ်းမောင် ဆိုတဲ့ တပည့်ကြီးနှစ်ယောက် နာမည်တွေနဲ့အတူ မြန်မာ့ဂီတနယ်ပယ်မှာ တွဲလျက် ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဆူးငှက်
ရွှေပန်းထိမ်မှ ဂီတမှူး
ကိုပေါရဲ့ မူလရည်မှန်းချက်က ရွှေပန်းထိမ်ဆရာ ဖြစ်ဖို့ပါ။ ဒါပေမဲ့ မွေးစကတည်းက မြို့မအသင်း တီးဝိုင်းတိုက်ရာမှာ ကြီးပြင်းလာခဲ့တဲ့ ကိုပေါကို သူနေတဲ့ အရှေ့ဓားတန်းဝင်းရှင် ဓားတန်းဦးသန့်က စန္ဒရားတီးသင်ပေးရာကနေ မြို့မဝိုင်းတော်သား တယောက် ဖြစ်လာ ခဲ့ပါတယ်။ သူငယ်စဉ်က သုံးလေးနှစ် သားထိ စကားမပြောလို့ အိမ်က တေမိ ခေါ်ပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲမှာ မြို့မတီးတဲ့ရှေ့က အရုပ်ကြီးမှာ ပေါစံကြီးလို့ ရေးထားတာက သူ့ကို ဝင်းထဲက လူတွေက ပေါစံကြီးလို့ ခေါ်ရင်း မြို့မကိုပေါ ဖြစ်လာခဲ့တယ်လို့ အတိတ်လမ်းသို့အလွမ်းပြေ ကိုယ်ရေးထုပ္ပတ္တိမှာ ကိုပေါ အမှတ်တရ ရေးခဲ့ပါတယ်။
သီချင်းရေးပညာကို ဆရာမြို့မငြိမ်းဆီမှာ သင်ယူခဲ့ပြီး တေးရေးနည်းစနစ်တွေကို ဖြူပြာမူရာ သင်္ကြန်သီချင်းစပ်တာက စပြီး သင်ခဲ့ပါတယ်။ ဒီတေးကို အဝေးကမေ အမည်နဲ့ စာသားပြောင်းပြီး ဝင်းဦးသီဆိုရာမှာ ပိုအောင်မြင်ခဲ့ပါတယ်။ ဝင်းဦးနဲ့ ကြွယ်ကြွယ် ဆိုတဲ့ ချစ်တဲ့စိတ်ဟာ ဆန်းကြယ် ကလည်း လူကြိုက်များပါတယ်။ ပန်းမျိုးတရာ၊ နှုတ်ခွန်းဆက်သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲ နှစ်ယောက်ထဲ၊ မောင်မယ်တို့နှစ်ဦး၊ မခွဲတမ်းကြင်မယ် စတဲ့ တေးတွေအပါအဝင် သီချင်းအပုဒ် နှစ်ရာလောက် စပ်ခဲ့တယ်လို့ သိရ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြို့မတူရိယာအဖွဲ့
မြို့မငြိမ်းရဲ့ အတီးသမားတွေထဲမှာ ၂ဝ၁ဝ ကျော်ထိ ကျန်နေသူ နှစ်ယောက်အနက် ကိုပေါ ပါပြီး တတိယ တီနာ ဆက်ဆိုဖုန်းမှုတ်သူ ဖြစ်တယ်လို့ စန္ဒရားသိမ်းမောင်က အတိတ်လမ်းအတွက် အမှာစာမှာ ရေးပါတယ်။ ဆရာပေါဟာ အင်မတန် သိုသိပ်သူ၊ သူသိတဲ့ ဆယ်ရာခိုင်နှုန်းလောက်သာ ပြောသူ ဖြစ်ပြီး သွားတိုက်ဆေး မဟုတ်သည့်အတွက် မီးပြောင်းဖြင့် ညှစ်၍ရမည်မထင်ပါ၊ သူပေး သူရေးသမျှလေးနဲ့ပဲ သာဓုခေါ်လိုက်ရပါတယ်လို့လည်း ဦးသိမ်းမောင်က ရေးပါတယ်။
ဆရာညိန်း၊ မန္တလေးရုပ်ရှင်နဲ့ မြို့မအသင်းပြဿနာ၊ ဆရာညိန်း မမျှော်လင့်ဘဲ ဘာကြောင့် ဆုံးပါးသွားရတယ် ဆိုတာတွေကို ကိုပေါနဲ့ ကိုဝင်း အသိဆုံးလို့လည်း ဆိုပါတယ်။ မြို့မငြိမ်းဆုံးပြီးနောက် တီးလုံးတိုက်ဖို့ စန္ဒရား ဦးအုံးမောင်၊ ကိုပေါ၊ ကိုဗစိန် စတဲ့ အဖွဲ့သားတွေ ဆုံကြတဲ့အခါမှာ စိတ်မထိန်းနိုင်လို့ ငိုကြ မျက်ရည်လည်ကြတဲ့အတွက် တီးလုံးမတိုက်နိုင်အောင် ဖြစ်ခဲ့ကြောင်းလည်း ဦးသိမ်းမောင်က အတိတ်ကြေးမုံ… မြို့မ၌ ကျင်လည်ခြင်း ဆောင်းပါးမှာ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ARCHIVE
အကယ်ဒမီ မလိုချင်သူ
မန္တလေး ရုပ်ရှင်မှာ ဘဝသံသရာနဲ့ မြပန်းဝတ်ရည် ဇာတ်ကားတွေ ရိုက်ခဲ့တဲ့ ဓာတ်ပုံ အကယ်ဒမီ ကိုထွန်းလှိုင် ရန်ကုန်ပြန်သွားပြီးနောက် ကိုပေါကို ဓာတ်ပုံဆရာအဖြစ် ဦးသန့်က အဆိုပြု ခန့်ထားခဲ့ပါတယ်။ ဦးသန့်ဆီက ဓာတ်ပုံပညာ လက်ကျ သင်ယူထားတဲ့ ကိုပေါဟာ ဤလူ့ဘောင်တွင် မြင်ကွင်းကျယ် ကားကြီးကို စတင်ရိုက်ကူးခဲ့ပြီး ၁၉၆၁ မှာ ရိုက်တဲ့ ကိုယ်ပိုင်မေတ္တာ ဇာတ်ကားနဲ့ ဓာတ်ပုံဆု ရခဲ့ပါတယ်။ ဒါပေမဲ့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ မှားယွင်းမှုကြောင့် မီးထိုးသမား ဦးလူလေးနဲ့ သူ့ကို တွဲပြီး ဦးမောင်ကလေးနဲ့ လူပေါလို့ ကြေညာခဲ့ကြောင်း အောင်အောင် (ယဉ်မွန်)နဲ့ မေးမြန်းခန်းမှာ ကိုပေါက ရှင်းပြပါတယ်။ ဒီကားကို ဆူလွယ်နပ်လွယ်ရိုက်ခဲ့တဲ့ကားမို့ ဆုတက်မယူခဲ့သလို သူ့အမည်မှာ အကယ်ဒမီမတပ်ခဲ့ဘူးလို့လည်း သိရပါတယ်။ နှစ်စဉ် ရုပ်ရှင်ဆုပေးပွဲတိုင်း သူ့အတွက် ခုံတနေရာ စီစဉ်ပေးတယ် လို့လည်း ဆိုပါတယ်။ ဒီကားကို ဆူလွယ်နပ်လွယ် ဆိုပေမယ့် ၁၉၆၁ အတွက် အကောင်းဆုံး ဇာတ်ကားနဲ့ မင်းသမီးဆုတွေကို မန္တလေးရုပ်ရှင်နဲ့ ခင်ယုမေ ရခဲ့ပါတယ်။
ရုပ်ရှင်ဓာတ်ပုံဆရာအဖြစ် မောင်တို့ချယ်ရီမြေ၊ ပန်းပန်လျက်ပါ၊ ကျောက်ဘီလူးနဲ့ပပဝင်း၊ ငို၍ရယ်၍မရသောမျက်နှာ၊ မာယာထောင်ချောက် စတဲ့ နာမည်ကြီး ကားတွေကို ကိုပေါ ရိုက်ပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုပ်ရှင်မင်းသား ဝင်းဦး မြို့မ သီချင်းတွေ သီဆို ဓာတ်ပြားသွင်းရေး၊ မြို့မအဖွဲ့ကားနဲ့ သင်္ကြန်မှာ လိုက်ပါဖျော်ဖြေရေးတွေမှာ ကင်မရာမင်း ကိုပေါ ခေါ် ကိုကျော်စိုးက အကြံပြုတိုက်တွန်းခဲ့တယ်လို့လည်း ဝင်းဦးရဲ့ ဆယ်စုခေတ် တနှစ်စွန်း မန်းသင်္ကြန် စာအုပ်မှာ ပါရှိပါတယ်။ ၁၉၆ဝ ကျော်မှာ တဟုန်ထိုး ရေပန်းစားခဲ့တဲ့ မင်းသား ဝင်းဦးနဲ့ မြို့မ တွဲဖက်မှုကြောင့် မြို့မတေးတွေ နိုင်ငံလုံးထိ ရောက်သွားခဲ့ပြီး ဒီတေးတွေကို ကနေ့ထက်ထိ လူမှုကွန်ရက်တွေမှာ နားဆင်ဖလှယ်နေကြသလို အပြင်မှာ ဖွင့်ကြတာကို တွေ့ရပါတယ်။
• ဝင်းဦးကို လူတွေဘာကြောင့်မမေ့သလဲ

ဓာတ်ပုံ ရင်းမြစ်, ARCHIVE
ဒီကြားထဲမှာ မြို့မအသင်းက ဦးဘိုခင်ထွက်တာ၊ အသင်းမလှုပ်ရှားနိုင်တာ စတဲ့ ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းထန်တဲ့အခါတွေမှာ အသင်းဘေးက ကိုပေါ၊ ကိုဗစိန်၊ ကိုသန်းမောင် စတဲ့ ဝါရင့် အဖွဲ့သားတွေ ရှိနေခဲ့ပြီး ဦးရင်လေး၊ ဦးအေးမောင် ၊ ဦးသန့်စတဲ့ နာယက လူကြီးတွေက ဖေးမပေးခဲ့ကြပါတယ်။ ဒီအတွေ့အကြုံတွေကို သူက ဆရာညိန်းနဲ့ ဦးရင်လေး မရှိတဲ့နောက် ကိုဘိုခင်လက်ထက်မှာ ကောင်းမလိုနဲ့ စုံးစုံးမြုပ်မသွားတာ ကံကောင်းတယ်၊ အဲဒီနောက် ကိုအေးဖေ လက်ထက်မှာ မြုပ်နေသူကို နှစ်သွားတယ်၊ နောက် မောင်ပေါက ဆက်ထိန်းတော့လည်း နစ်မယ့်သူကို ဆွဲတင်ခဲ့ပေမယ့် အိမ်ကြက်အချင်းချင်း သဟဇာတမဖြစ်ကြဘဲ အကွဲကွဲအပြားပြား ကိစ္စတွေကို လိုက်ထိန်းနေရတာနဲ့ အချိန်ကုန်ပြီး အသင်းမတိုးတက်ဘူးလို့ ပွင့်ပွင့်လင်းလင်းရေးခဲ့ပါတယ်။
• စပိန်ရောက်သွားတဲ့ မခင်နဲ့ မြန်မာဟင်းလျာများ
• မြို့မငြိမ်း၊ မြနန္ဒာနဲ့ မန်းတောင်ရိပ်ခို

ဓာတ်ပုံ ရင်းမြစ်, MYANMAR COLUMN
သင်္ကြန်မိုးရဲ့ အဖွင့်ပန်းချီ
Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
သင်္ကြန်မိုးရဲ့ အသံလှိုင်း
၁၉၈၅ မှာ အကယ်ဒမီဆုရတဲ့ သင်္ကြန်မိုး ဇာတ်ကားကို ဂီတပိုင်းမှာ ကြီးကြပ်ပေးဖို့ ရီမြင့်ရုပ်ရှင်က သားဖြစ်သူ ဦးဇော်မြင့်က ကိုပေါကို အပ်ပါတယ်။ ဓားတန်းဦးသန့်မြေးက သူ့ကို သင်္ကြန်ကားရိုက်ဖို့ အပ်တာကို ကိုပေါက အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးခဲ့ပြီး နှစ်ကိုယ်တူ ချစ်သမျှ တေးကိုပြန်သုံးခဲ့ပါတယ်။ နှစ်ကိုယ်တူချစ်သမျှဟာ ကိုပေါအတွက် အထင်ရှားဆုံး သင်္ကေတတေးလို ဖြစ်ခဲ့ပါတယ်။ ဒီကား အရုပ်တွေနဲ့ ပြန်ဆက် ကြည့်မိမှ နေအောင်နဲ့ ခင်သန်းနုအဖြစ်က သူနဲ့ သူ့ချစ်သူ မခင်လေးတို့ ကွဲခဲ့ကြတဲ့ ဇာတ်ကြောင်းနဲ့ တူနေတယ် လို့လည်း မြန်မာကော်လံကို ကိုပေါ မကွယ်လွန်ခင်က ပြောခဲ့ပါတယ်။ ချစ်သူနဲ့ ခိုးပြေးမယ်လို့ စီစဉ်ပြီးမှ အသင်းကို ရန်ကုန်မှာ ဧည့်ခံပွဲအတွက် လာတီးဖို့ ဖဆပလ ဝန်ကြီး ဗိုလ်ခင်မောင်ကလေးက ဖိတ်လို့ ဆင်းသွားရတဲ့အတွက် အစီအစဉ် ပျက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေအောင် သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက် စန္ဒရားဆရာ ကိုငြိမ်းမောင်ဟာ မြို့မငြိမ်း၊ စန္ဒရားသိမ်းမောင် စတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ လွှမ်းမိုးမှုတွေနဲ့ တည်ဆောက်ထားတာလို့လည်း ဦးဇော်မြင့်က ဆိုပါတယ်။
သင်္ကြန်မိုးအတွက် ဂီတပိုင်း တီးခတ်မှုကို မြို့မအဆိုတော် ဂင်ဇာရင်ရင်ရဲ့မြေး ဇော်မျိုးထွဋ်ကို ကိုပေါ အပ်ပါတယ်။ ဇော်မျိုးထွဋ်က သူ့အဖေ စန္ဒရားလှထွဋ်ကို ကျော်ပြီး မလုပ်ရဲတော့ ကိုပေါက အဖေဆိုရင် ပြင်စရာပြုစရာမှာ ပြောရတာ အားနာနေရမှာစိုးလို့ သားဖြစ်သူဆီ အလုပ်အပ်တာလို့ ရှင်းပြပါတယ်။ ကိုပေါ၊ အဉ္စလီမောင်မောင်နဲ့ ဇော်မျိုးထွဋ် သုံးဦးစပ် အားထုတ်မှုနဲ့ သင်္ကြန်မိုးဟာ ခေတ်ဟောင်း ခေတ်သစ် မန်းသင်္ကြန်တွေကို ဖော်ကျူးတဲ့ ဇာတ်ကားအဖြစ် လူကြိုက်များဆဲ ဖြစ်ပါတယ်။
သင်္ကြန်မိုးမှာ မြို့မငြိမ်းလက်ထက်က ဦးရင်လေး ရေးပြီး လူသိနည်းနေတဲ့ မြူမှောင်ဝေကင်းတေးကို အဖွင့်တေးအဖြစ် သုံးရာမှာလည်း အထူးထင်ရှားခဲ့ပါတယ်။ ဒီကားမှာ နာမည်ကြီးတဲ့ ချစ်အာရုံ ၊ နှုတ်ခွန်းဆက် စတဲ့ တေးတွေကို ကားရိုက်ရင်း အမြန် ရေးစပ်ပေးခဲ့ရတယ် လို့လည်း သူ့ဘဝမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
• သင်္ကြန်မိုးအကြောင်း လူမသိတဲ့ ခြောက်ချက်
• မန္တလေးက သင်္ကြန်မင်းသမီး နဂါးဒေါ်ဦး
ရာစုနှစ် တခုနီးတဲ့ ဂီတဆရာ
ကလေးဘဝ သူ့ကို ဦးသန့် ရှင်ပြုပေးတုန်းက စိန်ဗေဒါ၊ လေဘာတီ မမြရင် စတဲ့ နာမည်ကျော်တွေပါတဲ့ အငြိမ့်နဲ့ ဧည့်ခံခဲ့ပါတယ်။ ဒါကြောင့် ကိုပေါရဲ့ ဘဝဟာ ဆုံးတဲ့အထိ ဂီတ အနုပညာနဲ့သာ ထုံမွမ်းနေခဲ့တဲ့ဘဝ ဖြစ်ပါတယ်။ အသက် ၉ဝ ကျော်ထိ စက်ဘီးစီးတဲ့ ကိုပေါဟာ ကိုဗစ်ကပ်ဘေး ဆိုက်တဲ့ အချိန်မှာလည်း မြို့မအသင်းတိုက်မှာ စန္ဒရားလေ့ကျင့်မပြတ် ရှိနေခဲ့သလို အသင်းအစည်းအဝေး၊ သီချင်းတိုက်နဲ့ အလှူအတန်းကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပါဝင်နေခဲ့ပါတယ်။
နောက်ဆုံး ၉၅ နှစ်အရွယ်ထိ မြို့မနှစ်တရာပြည့်အတွက် နေ့တိုင်း လေ့ကျင့် သီချင်းတိုက်ပေးခဲ့ပါတယ်။ တရက် အသင်းတိုက်ထဲမှာ စန္ဒရားတီးရာကအထ ချော်လဲပြီး တင်ပါးဆုံရိုး ကျိုးခဲ့ပါတယ်။ အသင်းတိုက်ထဲ သူတယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာ ဖြစ်လို့ ဘယ်သူမှ မသိဘဲ တနာရီလောက် တယောက် တည်း ဖြစ်နေခဲ့ကြောင်း မိသားစုက မြန်မာ့ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။ နောက် တံခါးကို ထုရိုက်မှပဲ သိပြီး ဆေးရုံပို့ခဲ့ရတာပါ။ သူ အရိုး ခွဲစိတ်ပြီး ပြန်ကောင်းလာအောင်လုပ်မယ်လို့ အားတင်း ထားပေမယ့် လူက မလိုက်နိုင်တော့ဘဲ ကွယ်လွန်ခဲ့ပါတယ်။ မဆုံးခင် မျောနေပေမယ့် သူ့လက်တွေက စန္ဒရားတီး သီချင်းတိုက်နေတဲ့ထိ ဂီတကို ဖက်တွယ်သွားခဲ့ပါတယ်။

မကွယ်လွန်ခင် တနှစ်လောက်ထိ သင်္ကြန်သီချင်းတွေ ရေးစပ်တုန်းလို့လည်း မြန်မာကော်လံဝက်ဆိုက်မှာ ပါရှိပါတယ်။ မြန်မာသင်္ကြန် ခေတ်ပေါ်တေးတွေ ထွန်းကားခဲ့တဲ့ မန္တလေး မြို့မ ဓားတန်းသား ကိုပေါအတွက် သင်္ကြန်ဟာ ဘယ်တော့မှ မရိုးမယ့် တေးဖွဲ့စရာ ဖြစ်သလို သူ့တေးတွေကိုလည်း ပရိသတ် တွေက ရိုးအီမသွားခဲ့ပါဘူး။ သူ့ဆရာ မြို့မငြိမ်းလို ဂီတကဝေ မမြောက်ခဲ့ပေမယ့်၊ ဓားတန်းဦးသန့်လို အနုပညာဆရာတဆူ မဖြစ်ခဲ့ပေမယ့် ကိုပေါဟာ မြို့မဆိုတဲ့ ယာဉ်ရထားကို ရာစုတစုချည်းအောင် ဆောင်ပို့နိုင်ခဲ့တဲ့ ဂီတမာလိန်မှူး တွေထဲက တယောက် ဖြစ်ခဲ့ပြီး မြန်မာရုပ်ရှင်မှာ အရေအတွက်နည်းတဲ့ ဂီတအလွမ်းကားတွေထဲမှာ လူကြိုက်အများဆုံး သင်္ကြန်မိုးကို ဂီတဘက်က ပုံဖော်ခဲ့ပါတယ်။
အသက်တရာတန်းထိ နေသွားရပေမယ့် ဘိုးပေါ မဖြစ်ဘဲ ကိုပေါ၊ ဦးပေါလို့ ခေါ်ခံခဲ့ရတာကလည်း သူ့ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR COLUMN

• ဂီတမြေနဲ့ မန်းသင်္ကြန်အတာတေးများ
• အလင်္ကာပုလဲပန်း ပျို့မှာတမ်း

Play
08:39
အသံဖိုင် ပုံစာ,
အလင်္ကာပုလဲပန်း
ဆက်စပ်အကြောင်းအရာများ
• မြန်မာ
• ဂီတ
• သမိုင်း
• ရုပ်ရှင်
• မန္တလေး
• လူမှုဘဝ



