စင်ကာပူရေအရင်းအမြစ် (U Ye Htut)

kyawoo.com မှ ရယူ မျှဝေပါသ ည် ။

စင်ကာပူနိုင်ငံက နေ့စဉ် ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ စင်ကာပူ ရေဘေးဆိုတာက ရေကြီး၊ ရေလျှံတာကိုပြောတာမဟုတ်ဘူး။ နိုင်ငံရဲ့ နေ့စဉ် ရေလိုအပ်ချက် အများစုအတွက် မလေးရှားနိုင်ငံကို မှီခိုနေရတဲ့ အခြေအနေကို ဆိုလိုတာပါ။

မလေးရှားဝန်ကြီးချုပ် မဟာသီယာက ဇွန်လ ၂၂ ရက်နေ့မှာ ၁၉၆၂ ခုနှစ်က ချုပ်ဆိုထားတဲ့ မလေးရှား- စင်ကာပူ ရေရောင်းချရေး သဘောတူညီချက်ကို ပြန်လည် သုံးသပ်ရမယ်လို့ ပြောလိုက်တဲ့အတွက် စင်ကာပူနိုင်ငံရဲ့ ရေဘေးအန္တရာယ်က စင်ကာပူ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား၊ ပြည်သူတွေအကြားမှာ ဆွေးနွေးစရာ ဖြစ်လာခဲ့တယ်။

သမိုင်းကြောင်း

မလေးရှားနဲ့ စင်ကာပူကြား ရေရောင်းချရေး သဘောတူညီချက်ကို ပထမဆုံး ချုပ်ဆိုခဲ့တာက ၁၉ ၂၇ ခုနှစ်ဖြစ်ပြီး ဂျိုဟိုးပြည်နယ်စော်ဘွားနဲ့ စင်ကာပူ မြူနီစပါယ်ကောင်စီအကြား ချုပ်ဆိုခဲ့တာပါ။ အဲဒီစာချုပ်က အခုသက်တမ်းကုန်သွားပါပြီ။

ဒုတိယစာချုပ်က ၁၉ ၆၁ ခုနှစ်မှာ ချုပ်ဆိုတာ၊ အဲဒီ စာချုပ်အရ မလေးရှားက စင်ကာပူကို သန့်စင်ခြင်း မပြုရသေးတဲ့ရေ တစ်နေ့ ဂါလံ ၈၆ သန်းရောင်းပေးရမယ်။ အဲဒီစာချုပ်က ၂၀၁၁ ခုနှစ်မှာ သက်တမ်းကုန်တယ်။

ဂျိုဟိုးမှာရှိတဲ့ စင်ကာပူက တည်ဆောက်ထားတဲ့ ရေတွန်းစက်ရုံနဲ့ အခြား ဆက်စပ်တာတွေ အားလုံး ဂျိုဟိုးပြည်နယ်အစိုးရကို ပြန်လွှဲပေးလိုက်ရတယ်။ လက်ရှိစာချုပ်က ၁၉၆၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှာ ချုပ်ဆိုပြီး ၂၀၆၁ ခုနှစ်မှာ သက်တမ်းကုန်မယ်။ ဒီစာချုပ်အရ စင်ကာပူနိုင်ငံက ဂျိုဟိုမြစ်ကနေ တစ်နေ့ကို သန့်စင်ခြင်း မပြုရသေးတဲ့ ရေဂါလန် သန်း ၂၅၀ ယူမယ်။ စင်ကာပူက ဂျိုဟိုပြည်နယ်ကို သန့်စင်ပြီးရေ တစ်နေ့ ဂါလန်ငါးသန်း ပြန်ရောင်းပေးရမယ်။

ပြဿနာ

မလေးရှားဝန်ကြီးချုပ် မဟာသီယာက ပထမ သက်တမ်း ( ၁၉ ၈၁-၂၀၀၃) မှာလည်း စင်ကာပူကို ရေရောင်းတဲ့ဈေးက ဂါလံတစ်ထောင်ကို မလေးရှားငွေ ၃ ဆင့်ဆိုတာ နည်းလွန်းတယ်။ မလေးရှားဘက်က နစ်နာနေတယ်။ စာချုပ်ပြန်ပြင်ချုပ်ရမယ်လို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေက အဖြေမထွက်ခဲ့ဘူး။ အခု သူဝန်ကြီးချုပ်ဖြစ်တော့ ဒီ ပြဿနာကို ထပ်ဖော်လာတာ ဖြစ်တယ်။

စင်ကာပူဘက်ကတော့ မလေးရှားဘက်က နစ်နာတယ် ဆိုတာကို လက်မခံဘူး။ မလေးရှားဘက်က ဝယ်တဲ့ရေကို ပြန်သန့်စင်တဲ့အခါ ဂါလံတစ်ထောင်ကို ရင်းဂစ် ၂.၄၀ ကုန်ကျတယ်။ ဒါပေမယ့် ဂျိုဟို ပြည်နယ်ကို ပြန်ရောင်းတဲ့အခါ သန့်စင်ပြီးရေ ဂါလံတစ်ထောင်ကို မလေးရှားငွေ ဆင့်ငါးဆယ်နဲ့ပဲ ရောင်းတယ်။ ဒါ့ကြောင့် ဂါလံတစ်ထောင် ရောင်းတိုင်း စင်ကာပူဘက်က ရင်းဂစ် ၁.၉ အရှုံးခံထားရတယ်။ ဒါပေမယ့် ဂျိုဟိုပြည်နယ်အစိုးရက သူ့ပြည်သူတွေကို ရေပြန်ရောင်းတဲ့အခါ ဂါလံတစ်ထောင်ကို ရင်းဂစ် ၃.၉ ၅ နဲ့ရောင်းတော့ ဂါလံတစ်ထောင်မှာ ၃.၄၅ ရင်းဂစ်မြတ်နေတယ်။ တစ်နှစ်ဆိုရင် ရင်းဂစ် ၄၆ သန်းလောက် မြတ်နေတယ်။

ပြီးတော့ စာချုပ်အရ တစ်နေ့ကို ရေဂါလံ ငါးသန်း ရောင်းပေးရမယ် ဆိုပေမယ့် လက်ရှိအချိန်မှာ ဂျိုဟိုပြည်နယ်က တစ်နေ့ကို ရေဂါလံ ၁၆ သန်းဝယ်သုံးနေတာ ဖြစ်တယ်လို့ ထောက်ပြတယ်။ ဒါ့အပြင် စင်ကာပူကို ရေပေးဝေတဲ့အခါ အထောက်အကူ ဖြစ်ဖို့အတွက် ၁၉၉၀ ပြည့်နှစ်က ဂျိုဟိုပြည်နယ်မှာ Linggiu ဆည်ကို စင်ကာပူက စင်ကာပူ ဒေါ်လာသန်း ၃၁၀ အကုန်အကျခံပြီး ဆောက်ပေးခဲ့တယ်။

လုံခြုံရေးအမြင်

ရေအရောင်းအဝယ် ပြဿနာဟာ စင်ကာပူနိုင်ငံအတွက် စီးပွားရေးကိစ္စ သက်သက်မဟုတ်ဘူး။ နိုင်ငံ လုံခြုံရေးနဲ့လည်း ဆက်သွယ်နေတယ်။ မလေးရှား ပြည်ထောင်စုကနေ စင်ကာပူနိုင်ငံ ခွဲထွက်ပြီးကာစမှာ မလေးရှားဝန်ကြီးချုပ် အဗ္ဗဒူရာမန်က သူမကြိုက်ဘူးဆိုရင် စင်ကာပူကို ရေပေးနေတာ အချိန်မရွေး ရပ်ပစ်လို့ ရတယ်လို့ ခြိမ်းခြောက်ခဲ့ဖူးတယ်။ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက သူရဲ့ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ဆိုတဲ့စာအုပ်မှာ မလေးရှားဝန်ကြီးချုပ် အဗ္ဗဒူရာမန်က စင်ကာပူကို စစ်ရေး၊ စီးပွားရေးနဲ့ ရေအရင်းအမြစ် နည်းလမ်းသုံးခုနဲ့ ဖိအားပေးဖို့ကြိုးစားခဲ့တယ်။ စစ်ရေးအရ စင်ကာပူတပ်မတော်ကို အင်အားကောင်းအောင် လုပ်ပြီး ကာကွယ်နိုင်ခဲ့တယ်။ စီးပွားရေးအရ နိုင်ငံတကာနဲ့ ဆက်စပ်ပြီး မလေးရှားထက် သာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ရေအရင်းအမြစ်နဲ့ ပတ်သက်ရင်တော့ မလေးရှားကို မှီခိုနေရဆဲပဲလို့ ရေးထားခဲ့တယ်။

ဒါ့ကြောင့်လည်း စင်ကာပူနိုင်ငံဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကစပြီး အခြားအရင်းအမြစ်တွေကနေ ရေသယံဇာတကို ရယူသုံးစွဲနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ တချို့ တတိယကမ္ဘာနိုင်ငံတွေက အနုမြူ လက်နက် ပိုင်ဆိုင်ဖို့အတွက် ငွေပုံအောပြီး သုံးခဲ့သလို စင်ကာပူကလည်း ရေသယံဇာတအတွက် လူအား၊ ငွေအား ပုံအောပြီးသုံးခဲ့တယ်၊နည်းပညာသစ်တွေကို ရှာဖွေခဲ့တယ်။ ရေပြဿနာကို အမျိုးသား လုံခြုံရေးပြဿနာ အဖြစ် သတ်မှတ်ခဲ့တယ်။

မလေးရှားပြည်ထောင်စုကနေ စင်ကာပူနိုင်ငံ ခွဲထွက်ပြီးကာစမှာ မလေးရှားဝန်ကြီးချုပ် အဗ္ဗဒူရာမန်က သူမကြိုက်ဘူးဆိုရင် စင်ကာပူကို ရေပေးနေတာ အချိန်မရွေး ရပ်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်ခဲ့ဖူး

ရေအရင်းအမြစ်

ရေအရင်းအမြစ်တွေ ဖော်ထုတ်ဖို့နဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံက နည်းလမ်းသုံးခု အသုံးပြုနေတယ်။ 

ပထမနည်းလမ်းက နိုင်ငံထဲမှာ ရေလှောင်တမံတွေကို တိုးချဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ် မှာ ရေလှောင်တမံ သုံးခုပဲ ရှိရာကနေ အခု ၁၇ ခု အထိ ရှိလာပြီ ဖြစ်တယ်။ စင်ကာပူနိုင်ငံရဲ့ မြေဧရိယာ သုံးပုံနှစ်ပုံကို အဲဒီရေလှောင်တမံတွေအတွက် ရေဝေရေလဲဒေသ ဖြစ်အောင် လုပ်ထားတယ်။ ၂၀၆၀ မှာ မြေဧရိယာ ၉ဝ%ကို ရေဝေရေလဲဒေသဖြစ်အောင် လုပ်ဖို့ ရည်မှန်းထားတယ်။ 

ဒုတိယနည်းလမ်းကတော့ အသုံးပြုပြီး ရေဆိုးတွေကို ပြန်လည်သန့်စင်တဲ့ နည်းလမ်း ဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်မှာ New Water Plant လို့ခေါ်တဲ့ ရေသန့်စက်ရုံကို စတင် လည်ပတ်ခဲ့တယ်။ ဒီစက်ရုံတွေ စင်ကာပူတစ်နိုင်ငံလုံးက အသုံးပြုပြီးရေတွေကို သောက်သုံးလို့ရတဲ့ အဆင့်ထိ ရောက်အောင် ခေတ်မီနည်းပညာနဲ့ ပြန်လည်သန့်စင်တယ်။ အခုအချိန်အထိ ဒီစက်ရုံ ငါးရုံ တည်ဆောက်ထားပြီး နိုင်ငံ ရေလိုအပ်ချက်ရဲ့ ၄၀% အထိကို ဖြည့်ဆည်းပေးနိုင်တယ်။ ၂၀၆၀ ပြည့်နှစ်မှာ လိုအပ်ချက် ၅၅% ကို ဖြည့်ဆည်းပေးနိုင်ဖို့ရည်မှန်းထားတယ်။

တတိယ နည်းလမ်းကတော့ ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြန်လည်သန့်စင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပထမဆုံး စက်ရုံကို ဖွင့်လှစ်နိုင်ပြီး ပြီးခဲ့တဲ့လက တတိယမြောက်စက်ရုံကို ဖွင့်လှစ်ခဲ့တယ်။ လက်ရှိအချိန်မှာ နိုင်ငံရေလိုအပ်ချက်ရဲ့ ၃၀% အထိကို ဖြည့်ဆည်းပေးနိုင်နေပြီ။ နောက်ထပ် စက်ရုံနှစ်ရုံ ထပ်ပြီး တည်ဆောက်ဖို့ရှိတယ်။ ၂၀၆၀ ပြည့်နှစ်မှာလည်း ဒီအချိုးအစားအတိုင်း ဆက်ရှိနေအောင် ရည်မှန်းထားတယ်။

ဒုတိယနဲ့ တတိယနည်းလမ်းကို အသုံးပြုတဲ့အခါမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေလည်း ရှိတယ်။ ပထမ တစ်ခုကတော့ စွမ်းအင်လိုအပ်ချက်ဖြစ်တယ်။ အဲဒီနည်းလမ်းတွေကိုသုံးပြီးရေကို သန့်စင်တာက ဆည်ရေ၊ မိုးရေကို သန့်စင်တာထက် စွမ်းအင် ၁၇ ဆပိုကုန်ကုန်တယ်။ ဒါ့ကြောင့် လက်ရှိနည်းပညာနဲ့ဆိုရင် နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ဟာ၂၀၆၀ မှာ လက်ရှိထက် လေးဆ 4000 GWh လိုမယ်။ ဒုတိယတစ်ခုက သန့်စင်ရာက ထွက်တဲ့ အနည်အနှစ်တွေ ဖြစ်တယ်။ အဲဒါကလည်း ၂၀၆၀ မှာ တစ်နှစ်ကို တန် ခြောက်သိန်းလောက် ထွက်မယ်။ ဒီအနည်အနှစ်တွေကို ဘယ်လို အသုံးချမလဲ ဆိုတာကလည်း စဉ်းစားရမယ်။ လက်ရှိမှာတော့ မြေဖို့တဲ့နေရာမှာ သုံးနေတယ်။

ဒါကြောင့် အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ ရေသယံဇာတ ဖော်ထုတ်ရာမှာ နည်းပညာအသစ်တွေ သုံးနိုင်ဖို့အတွက် ၂၀၀၂ ခုနှစ်ကစပြီး စီမံချက်ချ ဆောင်ရွက်နေတယ်။ ဒီနေ့အထိ သုတေသနနဲ့ ဖွံ့ဖြိုးမှု စီမံကိန်း ၆၀၀ ကျော်ကို နိုင်ငံ ၂၇ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး စင်ကာပူဒေါ်လာ ၄၅၃ သန်း သုံးထားပြီးဖြစ်တယ်။

ဆက်စပ်ဖတ်ရှုရန် – Singapore Water Story

ချွေတာရေး

တစ်ဖက်က ရေအရင်းအမြစ်အသစ်တွေ ရှာဖွေဖြည့်ဆည်းသလို ရေသယံဇာတကို ပိုပြီ းထိထိ ရောက်ရောက် သုံးနိုင်ဖို့၊ အလေအလွင့်တွေ လျှော့ချနိုင်ဖို့လည်း ဆောင်ရွက်နေတယ်။ ဒီနေ့အချိန်မှာ စင်ကာပူနိုင်ငံသား တစ်ယောက်က တစ်နေ့ ရေ ၁၄၃ လီတာ( ဂါလံ ၃၀ကျော်) သုံးနေတယ်။ ဒါဟာ လူတစ်ယောက် အနည်းဆုံး သုံးဖို့ လိုအပ်ချက် ၇၅ လီတာထက် အများကြီး ပိုနေတယ်။ ဒါ့ကြောင့် ၂၀၂၀ မှာ တစ်နေ့ ၁၀၀ လီတာ သုံးတဲ့အခြေအနေ ဖြစ်အောင် လုပ်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားတယ်။ အဲဒီလို မလျှော့ဘူးဆိုရင် ၂၀၂၀ မှာ ရေသုံးစွဲမှုက လူတစ်ယောက် ၁၄၇ လီတာ ဖြစ်လာမယ်။ လက်ရှိအချိန်မှာတော့ စင်ကာပူအစိုးရက ရေခွန်ကို တိုးကောက်နေတယ်။ အခွန်တိုးကောက်တဲ့အပြင် ရေချွေတာမှုအတွက် ဆုပေးတဲ့စနစ်ကို ကျင့်သုံးဖို့၊ အိမ်သုံးပစ္စည်းတွေမှာ ရေသုံးစွဲမှု လျော့ကျအောင် နည်းပညာ သုံးဖို့တွေကိုလည်း ဆောင်ရွက်နေတယ်။

နောက်ထပ် လျှော့ချရမယ့်ကဏ္ဍက စက်မှုကဏ္ဍ ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံရေသုံးစွဲမှု ၄၃၀ သန်း ရဲ့ ထက်ဝက်ကျော် ၅၅% ကို စက်မှုကဏ္ဍက သုံးနေတယ်။ ၂၀၆၀ ပြည့်နှစ်မှာ စက်မှုကဏ္ဍသုံးစွဲမှုက ၇၀% ဖြစ်လာမယ်လို့ ခန့်မှန်းထားတယ်။ ဒါ့ကြောင့်အစိုးရက စက်မှုကဏ္ဍတွေမှာ ကုန်ပစ္စည်း တစ်တန်ထုတ်လုပ်ဖို့အတွက် သုံးရတဲ့ရေပမာဏကို လျှော့ချနိုင်ဖို့ ဆောင်ရွက်နေတယ်။

အမျိုးသားလုံခြုံရေးလို့ပြောလိုက်တဲ့အခါ အတော်များများ စစ်ရေးကိစ္စတစ်ခုတည်းကိုပဲ မြင်တတ်ကြပေမယ့် လက်တွေ့မှာ အမျိုးသားလုံခြုံရေးဟာ ကဏ္ဍပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှာ ဆက်စပ်နေတယ်ဆိုတာ စင်ကာပူနိုင်ငံရဲ့ ရေသယံဇာတ ဖူလုံရေးကိစ္စမှာတွေ့နိုင်ပါတယ်။

Credit: U Ye Htut

Share this:

Related

July 22, 2022

In “Awareness”

April 15, 2022

In “Resources”