
မိုးဗျဲဆည် မတည် ဆောက်မီ
ကောင်းကင် မြေတိုင်း ကွန် တို မြေပုံထုတ်လုပ်ရေး အတွက်
အ ကြို ကွင်းဆင်း လေ့လာတိုင်းတာခြင်း
ဆောင်းပါး ။
ကမ္ဘောဇဌာနီနှင့်ကန္တာရဝတီကိုအလှပြင်ခြင်း
ရေးသားတင်ပြသူ – ရွှေဒုံး ကိုရင် ။
အပိုင်း(၁)

ကောင်းကင်ဓာတ်ပုံတွင်မြင်တွေ့နေရသည့်၊မိုးဗြဲဆည်တည်ဆောက်နိုင်စေရန်၊ မြေတိုင်းဉီးစီးဌာနအနေဖြင့်အတိတ်သမိုင်းမှာ၊မည်ကဲ့သို့ပါဝင်ကြိုးပမ်းထမ်းဆောင်ခဲ့ရသည်များကိုဆည်မြောင်းသမိုင်းစာအုပ်၌
ထည့်သွင်းဖော်ပြလိုပါသဖြင့်၊ဆောင်းပါးတစ်စောင်ရေးသားပေးပါရန်၊ဆည်မြောင်းဉီးစီးဌာန၊ညွှန်ကြားရေးမှူး(ငြိမ်း)ဉီးအေးမြင့်ကမေတ္တာ
ရပ်ခံလာခြင်းကြောင့်၊စာရေးသူအနေဖြင့်ဤဆောင်းပါးကိုရေးသားရခြင်း
ဖြစ်ပါတယ်၊
ဆောင်းပါးအကောင်အထည်ဖော်နိုင်ရေးအတွက်၊ကောင်းကင်ဓာတ်ပုံများကူညီပံ့ပိုးပေးပါသော၊ မြေတိုင်းဉီးစီးဌာန၊ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲ၏
ညွှန်ကြားရေးမှူးဉီးကိုလတ်ကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းဖော်ပြအပ်ပါတယ်၊
ဆည်မြောင်းဉီးစီးဌာန၏၊မြန်မာနိုင်ငံတစ်ဝန်းဆည်တာတမံများတည်ဆောက်ရေးလုပ်ငန်းများတွင်၊မြေတိုင်းဉီးစီးဌာနကမြေပြင်မြေတိုင်းနည်းဖြင့်ကွင်းဆင်းတိုင်းတာခြင်း၊ကောင်းကင်မြေတိုင်းနည်းဖြင့်မြေပုံရေးဆွဲခြင်းလုပ်ငန်းတို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိပါတယ်၊ခေတ်အဆက်ဆက်ကဆောင်ရွက်ပေးခဲ့သည့်ဆည်တာတမံများ၊အနက်မှတ်မှတ်ရရ၊စွဲထင်နေသည့်ဆည်တာတမံအချို့ကိုသာဓကအနေဖြင့်ထုတ်နှုတ်ပြရမည်ဆိုပါက ကြက်မောက်တောင်ဆည်၊မြောက်နဝင်းဆည်၊တောင်နဝင်းဆည်၊ဆည်တော်ကြီး၊ကင်းတားဆည်၊ ရေဆင်းဆည်၊ရဲနွယ်ဆည်၊ဇောင်းတူဆည်၊ငမိုးရိပ်ဆည်၊ငွေတောင်ဆည်၊မိုးဗြဲဆည်တို့ဖြစ်ကြပါတယ်၊အထက်ပါဆည်ကြီးအချို့မှစာရေးသူကိုယ်တိုင်နှစ်နှစ်ခွဲခန့်ပါဝင်ထမ်းဆောင်ခဲ့ရသည့်၊မိုးဗြဲဆည်အကြောင်းကိုပြန်လည်မြင်ယောင်နိုင်ကြစေဖို့၊ဗဟုသုတလက်ဆင့်ကမ်းသွားမှာဖြစ်ပါတယ်၊

မိုးဗြဲဆည်စီမံကိန်း၊ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကို ၁၉၆၅-ခုနှစ်ကစတင်အကောင်အထည်ဖော်ခဲ့ပါတယ်၊
လုပ်ငန်းပမာဏအလွန်ကြီးမားသဖြင့် Field season တစ်နှစ်တည်းနှင့်လုပ်ငန်းပြီးပြတ်ခြင်းမရှိဘဲ ၁၉၆၆-ခုနှစ်အထိဆက်လက်ဆောင်ရွက်ခဲ့ကြရသည့်အပြင် Extention လည်းနှစ်စဉ်တောင်းဆိုခဲ့ရပါတယ်၊

တိုင်းတာရေးကိရိယာများမှာ၊ယခုခေတ်ကဲ့သို့ Digital Level, Total Station, GPS များမရှိသေးသော်လည်း
ထိုခေတ်ထိုအခါက၊နိုင်ငံတကာမှာအသုံးပြုနေသည့်ခေတ်မီ Instruments များအသုံးပြုကာ Labour Intensive နှင့်Conventional Method တို့ယှဉ်တွဲပြီးကြိုးပမ်းတိုင်းတာခဲ့ကြပါတယ်၊
မြေပုံရေးဆွဲပြီးသည်အထိယေဘူယျအားဖြင့်အေက်ပါလုပ်ငန်းစဉ်အဆင့်ဆင့် (Procedure & Process)
ငါးမျိုးခန့်ကိုဆောင်ရွက်ကြရပါတယ်
(1) Reconnaissance Chart
(2) Triangulation Network
(3) Levelling Network
(4) Topographical Surveying
(5) ကောင်းကင်ဓာတ်ပုံအသုံးပြု၍မြေပုံရေးဆွဲခြင်းတို့
ဖြစ်ပါတယ်၊
အထက်ပါလုပ်ငန်းစဉ်ငါးရပ်အနက်၊မြေပြင်မြေတိုင်းလုပ်ငန်းနှင့်သက်ဆိုင်သည့်၊လုပ်ငန်းစဉ်လေးရပ်ကိုဉီးစိန်လွင် (Chief of Field Party)ကအရာထမ်း၊အမှုထမ်း (၁၀၀) ခန့်ပါဝင်သော၊မိုးဗြဲဆည်စီမံကိန်း၊ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကိုဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း
အမိန့်ထုတ်ပြန်ခဲ့ပါတယ်၊
စခန်းဉီးစီးမှူး(Camp Officer)အဖြစ်ဉီးကျော်လှိုင်ကိုတာဝန်ပေးခန့်အပ်ခဲ့ပါတယ်၊
ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကိုလက်တွေ့ထမ်းဆောင်ကြသည့်အခါတိကျစွာလိုက်နာဆောင်ရွက်ကြရမည့်
(1) Use of Instrument
(2) Method of Observation
(3) Field Instructions များကိုလည်းထပ်မံရေးဆွဲထုတ်ပြန်ပါတယ်၊
ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကိုစတင်
ဆောင်ရွက်ခြင်း
(1) Reconnaissance
Triangulation Network တွင်ပါဝင်သည့် G. T. S ,H. S,
G. C. P များကိုရှာဖွေခြင်း Line of sight ရှင်းလင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ကြရပါတယ်၊
(2)Triangulation
ထိုလုပ်ငန်းကို First Order(or)Primary
Triangulation နှင့် Second Order(or)Minor Triangulation စသည်ဖြင့်
Triangulation Network တွင်သတ်မှတ်
ရေးဆွဲထားသည့် Triangle များ၏အနားအလျား၊အတိုင်းအတာပေါ်မူတည်၍နှစ်မျိုးနှစ်စားခွဲခြ ားတိုင်းတာပါတယ်၊မိုးဗြဲဆည်စီမံကိန်းအတွက်ရေးဆွဲထားသော Triangulation Network တွင်ပါဝင်သည့် Triangle များ၏အနားအလျားမှာ(၁၀)မိုင်ခန့်စီသာရှိပါသဖြင့်၊ Minor Triangulation Method ဖြင့်အစဉ်အလာအတိုင်း၊တိုင်းတာခဲ့ပါတယ်၊
Major(or)Primary Triangulation လုပ်ငန်း၌ Instrument ကို Wild T3 သုံးစွဲပြီး Minor Triangulation လုပ်ငန်း၌ Wild T2,
T1,T1A,T1AE တို့ကိုသုံးစွဲခဲ့ပါတယ်၊

Project Area အတွင်း Base line တည်ဆောက်ခြင်းလုပ်ငန်းကို Flat Terrain ဒေသဖြစ်သည့်၊နန်းဖယ်ခုံကျေးရွာအနီးမှာတည်ဆောက်နိုင်ခဲ့ပါတယ်၊ထိုအချိန်က Tellurometer(Measures distance by means of microwaves) ရောက်ရှိလာချိန်ဖြစ်၍ Base line တိုင်းတာခြင်းလုပ်ငန်းတွင်၊စတင်စမ်းသပ်သုံးစွဲခဲ့ပါတယ်၊Accuracy ပိုမိုကောင်းမွန်ကြောင်းလည်းတွေ့ရှိရပါတယ်၊
တိုင်းတာသည့်နည်းစနစ်မှာ Master Station နှင့် Remote Station တို့သတ်မှတ်ပြီး Reciprocal Observation Method ဖြင့်တိုင်းတာခြင်းဖြစ်ပါတယ်၊အဆိုပါ Base line
နှင့်လက်လှမ်းမီရာ G. T. S,H. S,G. C. P တို့ကိုလဲချိတ်ဆက်တိုင်းတာလိုက်ပါတယ်၊ Triangulation Observation လုပ်ငန်းပြီးဆုံးသည့်
အခါ Least Square Theory ကိုအသုံးပြုပြီး Simutaneuous Adjustment များတွက်ချက်ကြရပါတယ်
အဓိကရင်ဆိုင်ရသည့်အခက်အခဲများမှာ၊လုံခြုံရေးနှင့်
ဆက်သွယ်ရေးတို့ဖြစ်ပါတယ်၊သာမန်လုံခြုံရေးအတွက်
မြေတိုင်းဉီးစီးဌာနပိုင် Grenadier gun(ကိုးလုံးကျည်သေနတ်) များရှိသလို၊ဆက်သွယ်ရေးလုပ်ငန်းအတွက် High Frequencies H. F-156 စကားပြောစက်များလည်းရှိပါတယ်၊H. F-156 စကားပြောစက်မှာမိုင်နှစ်ဆယ်ခန့်ဆက်သွယ်နိုင်သည့်၊စစ်မြေပြင်သုံးစကားပြောစက်နှင့်မျိုးတူ၊အရည်သွေးတူဖြစ်သော်လည်း Channel ခြောက်ခုရှိသည့်အနက်တစ်မှငါးအထိသာသုံးစွဲခွင့်ပြုပြီး၊စစ်မြေပြင်သုံး Channel ဖြစ်သည့် Channel-6 ကိုလုံးဝ(လုံးဝ)သုံးစွဲခွင့်မပြုပါ၊
အဆိုပါအချိန်ကစီမံကိန်းဒေသမှာ၊တောတွင်းအဖွဲ့အစည်းများ၊အားကောင်းမောင်းသန်ချိန်လည်းဖြစ်ပါတယ်၊သို့ဖြစ်ပါ၍ဌာနပိုင် Grenadier gun, H. F-156
စက်တို့ကိုလုံခြုံရေးနှင့်ဆက်သွယ်ရေးကိစ္စရပ်များတွင်သုံးစွဲနိုင်းခဲ့ခြင်းမရှိပါ၊
တောင်ထိပ်များပေါ်မှာရှိသည့် G. T. S,H. S တို့နှင့်မြေပြင်မှာရွေးချယ်ထားသည့် G. C. P တို့ကို Triangulation
Observation ဆောင်ရွက်သည့်အခါတနေရာမှ၊တနေရာပီပြင်ထင်ရှားစွာမြင်နိုင်စေရန်အတွက်၊အချင်း
သုံးပေ၊အမြင့်သုံးပေရှိပုတ်များကိုထုံးဖြူသုတ်ပြီး၊အမြင့် ၁၅-ပေခန့်ထိမြင့်မားစွာ Target (Signal Mark)များစိုက်ထူခဲ့ပါတယ်၊
တောတွင်းအဖွဲ့အစည်းများနှင့်ဒေသခံများကိုလည်း
ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်ဖွင့်ဖြိုးရေးအတွက်မိမိတို့ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်းအခါအခွင့်ရတိုင်းရှင်းပြခဲ့ပါတယ်၊သို့ရာတွင်ဒေသခံအချို့နှင့်တောတွင်းအဖွဲ့အစည်းအချို့ကကြုံရင်ကြုံသလို Target(Signal Mark)
များကိုမီးရှို့ဖျက်စီးပစ်တာကြောင့် Method of Observation ၌ရှောင်ရှားရန်တိကျစွာညွှန်ကြားထားသည့်
Broken round နှင့် Over shoot တို့ကိုလည်း၊လုံခြုံရေးအခြေအနေအရ မချစ်သော်လည်းအောင့်ကာနမ်းခဲ့ရသည့်
အခြေအနေမျိုးလည်းတစ်ခါတစ်ရံကြုံရပါတယ်။နယ်မြေလုံခြုံရေး
အခြအနေကိုမျက်ခြေမပြတ်၊လေ့လာစောင့်ကြည့်ပြီး၊အခြေအနေပေးသည့်နှင့် Methd of Observation ကိုပီပြင်အောင်အကြိမ်ကြိမ်ကြိုးစားလိုက်နာဆောင်ရွက်ကြရသည့်အတွက်လုပ်ငန်းကြံ့ကြာစေခဲ့ပါတယ်၊
မေတ္တာများစွာဖြင့်
ရွှေဒုံးကိုရင်
ဒုတိယပိုင်းဆက်ရန်
ယခုpostအားshareလိုပါကမူရင်းရေးသားသူကျွန်တော့အမည်ပါသောမူရင်းpostကိုသာshareပါရန်မေတ္တာရပ်ခံအပ်ပါသည်

ကမ္ဘောဇဌာနီနှင့်ကန္တာရဝတီကိုအလှပြင်ခြင်း
အပိုင်း(၂)
(3) Levelling
မိုးဗြဲဆည်စီမံကိန်း၏ Catchment area မှာအလွန်ကျယ်
ဝန်းသဖြင့် First order or Precise Levelling လုပ်ငန်းကို Zeiss N3 အသုံးပြု၍လည်းကောင်း၊Second order Levelling လုပ်ငန်းကို Zeiss N2 အသုံးပြု၍လည်းကောင်း
နှစ်မျိုးနှစ်စားခွဲခြားတိုင်းတာခဲ့ပါတယ်၊
First order အနေဖြင့်အောင်ပန်းမှအောင်သပြေ(ညောင်ရွှေ)အဖွဲ့(၁)၊အောင်သပြေ(ညောင်ရွှေ)မှဖယ်ခုံအဖွဲ့(၂)နှင့်ဖယ်ခုံမှအောင်ပန်းအဖွဲ့(၃)တိုဖြစ်ကြပါတယ်၊အဖွဲ့(၁ )နှင့် အဖွဲ့(၃)တို့ကကားလမ်းအသုံးပြုပြီးဆောင်ရွက်ရသည့်အတွက်ပန်းခင်းသောလမ်းပါ၊စာရေးသူတို့အဖွဲ့(၂)လျှောက်လှမ်းရမည့်လမ်းကတော့ Surveyor တို့လျှောက်လှမ်းနေကျ၊ခယောင်းလမ်းဖြစ်ပါတယ်၊ဘီလူးချောင်းအနောက်ဖက်ကမ်းနှင့်ဆင်တောင်အကြား၌လည်းကျားရှိကြောင်း၊ဒေသခံများကအသိးပေးကြ၊သတိပေးကြပါတယ်၊

ခရီးစဉ်တစ်လျှောက်အတွက်လုံခြုံရေးကလည်းနတ္ထိပါ၊စတင်ထွက်ခွာခဲ့၍ဘီလူးချောင်းသို့ရောက်ရှိသည့်အခါကန်အရှေ့ဖက်ကမ်းမှခရီးဆက်လက်နှင်ခဲ့ရပါတယ်၊
ထိုအချိန်က၊ဘီလူးချောင်းတလျှောက်၊လူဆယ်ဉီးခန့်တည်းခိုဖို့အိမ်၊ခြံမရှိသလိုဘုန်ကြီးကျောင်းလည်းမရှိပါ၊နေ့အချိန်ကန်စောင်းမှာအလုပ်၊လုပ်ပြီးညအချိန်ကန်ထဲကဘုန်းကြီးကျောင်းပြန်အိပ်ခဲ့ရပါတယ်၊ငါးမိုင်လောက်ဝေးကွာသွားသည့်အခါအသွား၊အပြန်အချိန်ကုန်တာကြောင့်သစ်ခက်တဲနန်းသို့ပြောင်းရွှေ့ပျော်စံခဲ့ရပါတယ်၊မိုးဗြဲမြို့သို့မရောက်မခြင်းလည်း၊သစ်ခက်တဲနန်းနှင့်အကြိမ်ကြိမ်ပြောင်းရွှေ့စံပျော်ခဲ့ရပါတယ်၊Levelling ပြေးလမ်းတလျောက်မှာတောထူ၊ခြုံထူခြင်းနှင့် အနိမ့်အမြင့်(Gradient))
များသည့်အခါ၊ချောင်းအရှေ့ဖက်ကမ်းမှချောင်းအနောက်ကမ်းသို့၊ Dr. Kukamaki(Geodesy Expert) ၏ River Crossing method ကိုအသုံးပြုပြီးဘီလူးချောင်းကိုကျော်ဖြတ်ခဲ့ရပါတယ်၊တစ်နေ့သောအခါ၊ညနေသုံးနာရီခန့်အလုပ်သိမ်းချိန်၊ဘီလူးချောင်းကိုဖြတ်ကူးဖို့၊လှေကလည်းမရှိ၊စက်ကလှေလည်းမလာသည့့်အခါအဖွဲ့သားများ၏လုံခြုံ မှုအတွက်အခြားတဖက်ကမ်းမှာရှိသည့်ဝါးဖောင်ကို၊ဘီလူးချောင်းဖြတ်ကူးပြီးသွားယူဖို့ရွေးချယ်ဆုံးဖြတ်လိုက်ရပါတယ်၊စာရေးသူကညောင်တုန်းသားငယ်စဉ်ကယခုညောင်ချမ်းသာကမ်းခြေအနီး၊မြစ်ရေစစ်ချိန်ပန်းလှိုင်မြစ်အတွင်းရေကူးခဲ့သူတစ်ဉီးပါ၊ခေသူမဟုတ်ပါ၊မိမိဌာနမှာကိုယ်ရည်သွေးပြီးမှန်တာကြွားထားမိတော့၊ယခုသက်သေထူလက်တွေ့ပြရတော့မှာဖြစ်ပါတယ်၊ဖြတ်ကူးရမည့်နေရာကပေ(၃၅၀)ခန့်လောက်ပဲကျယ်ပါတယ်၊ဆောင်းဉီးရာသီဖြစ်၍ချောင်းရေကအေးမြနေသည့်အတွက်ရေကူးရင်းကြွက်တက်မှာအထူးစိုးရိမ်ရပါတယ်၊ဘီလူးချောင်းကလည်းမာန်အဟုန်၊ဈာန်အဟုန်ပြင်းပြီးတဟီးဟီး၊တဟဲဟဲနှင့်ရေစီးသန်၊ရေစီးမြန်နေပါတယ်၊မိုက်ဖော်မိုက်ဖက်ရှာတော့၊သုံးဆယ်သားကိုအောင်ဒင်ကသေအတူတူ၊ရှင်အတူတူ၊သူလဲကူးမယ်တဲ့၊

ညောင်တုန်းသားဗိုလ်အောင်ဒင်နှင့်သုံးဆယ်သားကိုအောင်ဒင်တို့ရေကူးပြိုင်ကြပြီလေ၊မကြာမီဖယ်ခုံမှာ Levelling Main Circuit လည်းအောင်မြင်စွာပိတ်နိုင်ခဲ့ပါတယ်၊ဖယ်ခုံ စခန်းဉီးစီးမှူးရုံးရှိအဖွဲ့သားများအားလုံးဇာတ်ကြောင်းစုံလင်သိကြရသည့်အခါ *ဗိုလ်အောင်ဒင်နှင့်ကိုအောင်ဒင်တို့ရေကူးပြိုင်ပွဲ *လို့ပါးစပ်ဖျားမှာ၊အမှတ်ထားကာ၊တဒွတ်ဒွတ်ပြောဆိုကြတာကိုလဲ၊ယနေ့တိုင်ကြားယောင်မိနေပါတယ်၊
အဝန်းမိုင်ပေါင်း(၂၅၀)ခန့်ကျယ်ဝန်းရှည်လျားသည့် Main Circuit ကို Adjustment & Correction ဆောင်ရွက်ပြီးသည့်အခါ Orthodox Heights နှင့် Dynamic Heights တို့ကိုလည်းသီးခြားစီမှတ်တမ်းတင်လိုက်ပါတယ်၊ Main Circuit အတွင်းနှင့် Main Circuit အပြင်မှာရှိကြသည့် G. C. P များနှင့်လုပ်ငန်းလိုအပ်ချက်အရရွေးချယ်ထားသည့် Points များအားလုံးကို Second order levelling method ဖြင့်ဆက်လက်တိုင်းတာခဲ့ပါတယ်၊

(4) Topographical Surveying
Three Dimention တွက်ချက်ပြီးစီးချိန်တွင်စတင်ဆောင်
ရွက်ရသောလုပ်ငန်းဖြစ်ပါတယ်၊ Contour ရေးဆွဲခြင်းလုပ်ငန်းကို Contour Interval Five Feet ထားပြီးရေးဆွဲခဲ့
ပါတယ်၊ကျွဲ၊နွားအလွန်ပေါများသည့်ကယားပြည်နယ်၊လွင်ထီးခေါင်ခေါင်၊နေပူကြဲကြဲမှာ၊လုပ်ငန်းဆောင်ရွက်ကြသည့်အခါ၊အလွန့်အလွန်ဟာသမြောက်ပြီး၊မျှော်လင့်မထားသည့့် ကြီးမားသောအန္တရာယ်နှင့်ရင်ဆိုင်ကြရပါတယ်၊ Contour ရေးဆွဲသည့်အဖွဲ့သားများက Plane Table အပေါ်ထီးဖြူကြီးများဆောင်းပြီးထမ်းရွက်ကြရပါတယ်၊

ကျွဲ၊နွားတွေကအဆိုပါထီးဖြူကြီးများမြင်လျှင်အရှိန်၊
အဟုန်နှင့်ကဆုန်ပေါက်၊ချီတက်လာကြပြီးပြေးခွေ့ကြပါတယ်၊နန်းဖယ်ခုံရွာအနီးတာဝန်ကျ
သည့်ဉီးတင်အုန်းနှင့်အဖွဲ့ဆိုပါလျှင်၊ထီးဖြူ
နှင့် P. T ခုံများချောင်းကမ်းပါးဘေးချထားပြီးဘီလူးချောင်းထဲဆင်းပြေးရပါတယ်၊သုံးကြိမ်တိတိနွားလိုက်ခွေ့သည့်သေဘေးကလွတ်မြောက်ခဲ့ရသူ၊သံလျင်ဇာတိငယ်သူငယ်ချင်း၊ဉီးရွှေလှိုင်မှာစခန်းသိမ်းလို့ရန်ကုန်ပြန်ရောက်လျှင်ရောက်ခြင်းဌာနမှအပြီးအပိုင်နှုတ်ထွက်ကာ Housing Board သို့ပြောင်းရွှေ့သွားပါတယ်။
မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းတာဝန်လေးရပ်ကိုထမ်းဆောင်ကြရသူ Surveyor များအနေဖြင့်လုံခြုံရေး၊ဆက်သွယ်ရေး၊ကျန်းမာရေး၊ငွေကြေးအခက်အခဲနှင့်ရိက္ခာအခက်အခဲတို့ကြုံတွေ့ရင်ဆိုင်ကြရသည့်ပြဿနာမှာခေါက်ရိုးကျိုးနေကြပြီဖြစ်ပါတယ်၊
Surveyor တို့ရှိရမည့်အရည်အသွေး(Quality)
သုံးရပ်ဖြစ်သည့်
Eagle’s Eye
Lion’s Heart
Lady’s Hand
တို့ဖြင့်အခက်အခဲမှန်သမျှကိုအဖြေရှာ၊ကျော်ဖြတ်ခဲ့ကြပုံများတင်ပြပြီးဖြစ်ပါ၍၊မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများဤတွင်နိဌိတံပြီဖြစ်ပါတယ်၊

(5)ကောင်းကင်ဓာတ်ပုံအသုံးပြုပြီးမြေပုံရေးဆွဲခြင်း
အထက်ပါလုပ်ငန်းကိုကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲအနေဖြင့် Pre-poiting Method နှင့်
Post-pointing Method စသည့်နည်းစနစ်နှစ်မျိုးရှိသည့်အနက်၊နည်းစနစ်တစ်မျိုးမျိုးကိုအသုံးပြုပြီးစကေးအမျိုးမျိုးဖြင့်မြေပုံများရေးဆွဲထုတ်လုပ်ပေးလျှက်ရှိပါတယ်၊
၁၉၆၇-ခုနှစ်၌ကောင်းကင်ဓာတ်ပုံအသုံးပြုပြီးမြေပုံရေးဆွဲထုတ်လုပ်သည့်အခါ Post-pointing Method ဖြင့်တိုင်းတာခဲ့သည့် G. C. P များကိုအသုံးပြုပြီးရေးဆွဲခဲ့ပါတယ်၊ Aerial Triangulation ကိုလည်း Analogue
Aerial Triangulation နည်းစနစ်ဖြင့်တွက်ချက်ခဲ့ပြီး Analogue Plotter များကိုသုံးကာမြေပုံများရေးဆွဲခဲ့ပါတယ်၊
Project Area မှာ Hilly Terrain နှင့် Flat Terain တို့ပေါင်းစပ်နေသည့်ဒေသဖြစ်သဖြင့်ထွက်ရှိလာသည့် Five Feet Interval Contour မြေပုံများမှာ Accuracy မြင့်မား သကဲ့သို့မျက်စိအာရုံကိုလည်းသိမ်းပိုက်အနိုင်ယူထားပါတယ်၊
Plotter များ၏ကျွမ်းကျင်မှု၊မြေပြင်ကွင်းဆင်းတိုင်းတာသူများ၏ကြိုးပမ်းအားထုတ်မှုနှင့်ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲ၊ဝန်ထမ်းအဆင့်ဆင့်တို့၏ကြီးကြပ်ကွပ်ကဲမှုတို့ကြောင့်အနဂ္ဃထိုက်သည့်ရလာဒ်များကိုမြင်တွေ့ရခြင်းဖြစ်ပါတယ်၊ယခုအခါမိုးဗြဲဆည်ကြီး
ကထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိသည့်၊ရေအားလျှပ်စစ်ဓာတ်အားကြောင့်ကမ္ဘောဇဌာနီနှင့်ကန္တာရဝတီတို့သာမက၊မြန်မာနိုင်ငံတစ်ဝန်းအမှောင်ခွင်းပြီးအလင်းဆောင်လျှက်ရှိပါကြောင်းတင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။
မြတ်ဗုဒ္ဓကနတ္ထိလောကေအနေသိတောလို့ဟောကြားခဲ့တာကြောင့်၊အမှားပါရင်လည်းခွင့်လွှတ်ကြဖို့အနူးအညွတ်တောင်းပန်အပ်ပါတယ်၊စာဖတ်ပရိသတ်အားလုံးလည်းဘေးဘယာဝေးကွာကြပြီးကျန်းမာချမ်းသာကြပါစေ။
မေတ္တာများစွာဖြင့်
ရွှေဒုံးကိုရင်

ယခုpostအားshareလိုပါကမူရင်းရေးသားသူကျွန်တော့အမည်ပါသောမူရင်းpostကိုသာshareပါရန်မေတ္တာရပ်ခံအပ်ပါသည်
