www.facebook.com/groups/559025205033826/permalink/1021984695404539/
ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓယကို ချီတက်ခန်း သရုပ်ဖော်မှု
====================================
ကေတုမတီတောင်ငူတည်ထောင်ခြင်း ၅၀၉နှစ်ပြည့် ပွဲတော်မှာ သရုပ်ဖော်မှုဖြစ်ပါတယ်။ ယိုးဒယားကားတွေထဲမှာ ဒီလို ဇာတ်ဝင်ခန်းတွေမြင်ဖူးကြမှာပါ။ မြန်မာတွေကိုလည်း ဒီလို မြေပြင်သရုပ်ဖော်မှုသာမက တကယ့် အဆက့်အတန်းရှိရှိ သမိုင်းနောက်ခံရုပ်ရှင်တွေကို ရိုက်စေချင်ပါတယ်။
သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃) တွင် ဆင်ဖြူတော် လေးစီးရှိသည့် ယိုးဒယားမင်း မဟာချက္ကရာဖတ် (ဗြသာဓိရာဇာ) အား ဆင်ဖြူတစ်စီး ဆက်သရန် ဘုရင့်နောင်က ရာဇသံပို့သည်။ “ဆင်ဖြူလေးစီး ရှိသည်အနက် တစ်စီးဆက်လျှင် ယိုးဒယားနှင့် မြန်မာသည် ရေနှင့်မြေကဲ့သို့ ဖြစ်စေမည်” ဟုဆိုလိုက်သည်။ ထိုသို့ ဘုရင့်နောင်၏ ရာဇသံကို ရလျှင် ယိုးဒယားနန်းတွင်းတွင် စဉ်းစားရန် အတွေးတို့ဖြစ်လာသည်။ ဘုရင့်နောင်၏ အင်ပါယာမှာ အနောက်ဘက် မဏိပူရ မှ အရှေ့ဘက် ဇင်းမယ် အထိ၊ မြောက်ဘက် တရုတ်စော်ဘွားများ၏ စန္ဒားမှ တောင်ဘက် တနင်္သာရီ တိုင်အောင် ကျယ်ပြန့်သည့်အတွက် ဆင်ဖြူဆက်ကာ လက်အောက်ခံရနိုးနိုး၊ စစ်ပြိုင်ပြုနိုးနိုးဖြင့် အမှူးအမတ်၊ မင်းညီမင်းသားတို့ နှစ်ဖက်ကွဲကာ အုပ်စုနှစ်စု အချေတင်ဖြစ်လေသည်။ သားတော် မင်းသား ဗြရာမသွန် နှင့် အမတ်ကြီး ဩောက်ဗြစက္ကိ တို့က “ဆင်ဖြူပေးသည့်တိုင် ဘုရင့်နောင်၏ အင်ပါယာချဲ့ထွင်မှုကို ရပ်တန့်နိုင်မည်မဟုတ်၊ ပေးသော်လည်း လက်အောက်ခံဟုသာ သဘောထားမည်ဖြစ်သည်။ ထို့ကြောင့် စစ်သာပြိုင်မည်”ဟု ဆိုပြီး ဆင်ဖြူမဆက်ရန် လျှောက်တင်သည်။ နောက်ဆုံးတွင် ဆင်ဖြူမဆက်လိုသည့်ဖက်က အနိုင်ရကာ ယိုးဒယားတို့က အကြောင်း ပြန်သည်မှာ… “ဆင်ဖြုရတနာဆိုသည်မှာ ဘုန်းကံပါရမီနှင့် ပြည့်စုံသူ ပြည်ရှင်မင်းတို့နှင့်သာ ထိုက်တန်သည်။ ဘုရင့်နောင်မင်းတရားသာ တရားနှင့် အညီအုပ်ချုပ်လျှင် ဘုရင်နောင့်၏ နိုင်ငံအတွင်း၌ ဆင်ဖြူများ မသေလွှဲမသွေ ပေါ်ထွက်လာမည်အမှန်ဖြစ်သည့်အတွက် ဆင်ဖြူမပိုင်ဆိုင်မည့်အရေးအတွက် စိုးရွံဖွယ်မရှိ”ဟူ၍ဖြစ်သည်။
ထို့ကြောင့် မြန်မာတို့သည် စစ်သည်အလုံးအရင်းဖြင့် အယုဒ္ဓယပြည်အား ဝင်တိုက်ရာ စစ်နိုင်၍ အယုဒ္ဓပြည်သည် တောင်ငူအင်ပါယာ၏ အစိတ်အပိုင်းထဲ ပါလာခဲ့သည်။ ဘုရင့်နောင်သည် ဗြသာဓိရာဇာအား ဘုရင်အရာမှနုတ်ပယ်ကာ ပဲခူးမြို့တော်သို့ ပို့သည်။ ဗြသာဓိရာဇာ၏ သားဖြစ်သူ ဗြမဟိန်အား အယုဒ္ဓယဘုရင်ခံမင်းငယ်အဖြစ်တင်သည်။ အယုဒ္ဓယနိုင်ငံပိုင်နက်တွင်းရှိ အခြားနယ်စား၊မြို့စားများကိုလည်း အသီးသီး သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။ အယုဒ္ဓယမြို့အတွင်းမှာလည်း အင်အား၃၀၀၀ရှိ မြန်မာတပ်ကို အစောင့်ချထားခဲ့သည်။