တစ်ခါတုန်းက တက္ကသိုလ် Rangoon University in the Past ( 1960) ဒေါက်တာသန်းထွန်း ၏ ၁၉၆၀ ကရေးခဲ့သော ဆောင်းပါး

တစ်ခါ တုန်းက တက္က သိုလ်
(၁၉၆၀ က သမိုင်းပညာ၇ှင် ဆရာကြီး ဒေါက်တာသန်းထွန်း ၏ဆောင်းပါး )

“တက္ကသိုလ်”


“”””””””””””””ဒေါက်တာသန်းထွန်း

တက္ကသိုလ်ကို ပြုပြင်မယ်လို့ အကြမ်းသိထားကြတယ်။ ဘယ်လိုပြင်မလဲလို့ သက်ဆိုင်သူတိုင်း ကြောင့်ကြနေကြတယ်။ ယခုလဆန်း ၆ရက်နေ့က တက္ကသိုလ်ကောင်စီ စတင်စည်းဝေးပြီလို့ကြားရတော့ ဘာတွေ ဘယ်လိုပြင်ပြီလဲလို့ နားစွင့်ကြတယ်။ ကိုးနာရီလုံးလုံးစည်းဝေးတယ်လို့သာ သာမညသိရတော့ ထပ်ပြီးသတင်းစုံကို နားစွင့်ရပြန်တယ်။ စင်စစ် အဲဒီအစည်းအဝေးက(မူ)ချပေးတာကို ဆိုင်ရာကော်မတီလေးတွေ ဖွဲ့စည်းပြီး အသေးစိတ်စဉ်းစားခိုင်းတယ်လို့ဘဲ ယူဆနိုင်တယ်။ ဒီတော့ အသေးစိတ်စဉ်းစားကြတဲ့အခါ ဒီအချက်တွေတော့ ရှိတယ်ခင်ဗျာ၊ ကြိုက်ယူ မကြိုက်လဲမတတ်နိုင်ဘူးဆိုပြီး ဒဲ့ဒိုးပြောချင်တာ ကလေးတွေတန်းစီပြီး ပြောလိုက်ချင်တယ်။

တက္ကသိုလ်။ ။ တက္ကသိုလ်ဆိုတာ စာပေသင်ကြားပို့ချတဲ့ကျောင်းအကြီးစားလို့ လွယ်လွယ်မမှတ်စေချင်ဘူး။ ပညာပြန့်ပွားရေးဗဟိုရ်ဌာန(Centre of Learning)လို့ မှတ်ကြပါ။ ပညာပြန့်တယ်ဆိုတာ မသိသေးတဲ့ လူကို သိအောင် သင်တာ(Teaching)ရယ် မသိသေးတာကို သိအောင်လုပ်တာ(Research)ရယ်လို့ နှစ်မျိုးရှိတယ်။ လူငယ်တွေကို စာသင်ပေးတာတခုထဲလုပ်ရင်(Centre of Teaching) တက္ကသိုလ်မခေါ်ဘူး။ ခေါ်မြဲမို့ ဆက်ခေါ်နေရင်လဲ ကြွားတာဘဲဖြစ်တယ်။ ရှင်းရှင်းပြောတော့ ရန်ကုန်တက္ကသိုလ်ဟာ စာသင်တာတခုဘဲဖြစ်လာခဲ့လို့ ခုလိုပျက်ဆီးတာဘဲ၊ သုတေသနလုပ်တဲ့ ဆရာကြီးငယ်တချို့ရှိနေရင်လဲ လက်ချိုးရေလို့ရတယ်၊ အဲဒါကိုလဲ ဖျင်းတဲ့လူက အများစုဖြစ်နေတော့ မရှက်ကြဘူး။ တိုတိုပြောရရင် ရန်ကုန်တက္ကသိုလ်မှာ “စာသင်တာအဓိက” ဆိုတဲ့ မူဟာ အထက်စီးရနေတယ်၊ ဒီအတိုင်းကြည့်နေရင် တက္ကသိုလ်ဆိုတဲ့နံမယ်နဲ့မထိုက်တန်၊ အခုတော်လှန်ရေးခေတ်မှာ ရန်ကုန်တက္ကသိုလ်တွင် “သုတေသနအဓိက”လို့ ပြင်နိုင်ရင် ထိပ်တန်းဘဲ။ သို့မဟုတ် ရေမီးအစုံကစားချင်သေးလို့ စေ့စပ်ရေး Compromise နဲနဲထဲ့ပြီး “စာလဲသင် သုတေသနလဲလုပ်” ဆိုတဲ့ နှစ်ဖက်ချောအနံကြီး ဂွင်းကြယ် ဆေးခိုင်အာမခံ လုပ်ချင်သေးရင်လဲလုပ်ပေါ့။ ကြော်အောင်သာငြာရတယ်ဆိုတဲ့ အစားဘဲ၊ သိပ်မကောင်းဘူး။ မျက်ရည်နဲ့ အပြုံးဆိုတဲ့ တက္ကသိုလ်ဘဝရောက်မယ်၊ ကျုပ်အကြိုက်ကတော့ “သုတေသနအဓိက”ဘဲ။ ပြင်းပြင်းထန်ထန်မညှာတမ်းပြောရရင် တက္ကသိုလ်မှာ စာသင်တာဟာ မလွဲသာလုပ် လုပ်ရတဲ့ ဘိုင်ပရောဒတ်By-Product ပါဗျာ။ သဘောကတော့ တက္ကသိုလ်က ရှိပြီးသိပြီးပညာကိုထိမ်းရတယ်၊ အဲဒီအခါမှာ ရှိပြီးသား ဆရာတွေ သေရင်လူစားရဖို့ Recruit လူသစ်မွေးရတယ်။ ရှိပြီးသား ဆရာတွေ ထမင်းငတ် မသေအောင် လူသစ်တွေကပေးတဲ့ ကျောင်းလခကို မတ်မောရတယ်။ အဲဒီနှစ်ချက်ကြောင့် လူသစ်လက်ခံပြီးစာသင်ပေးတယ်။ လူသစ်တထောင်ရောက်လာလို့ သုတေသနဆက်လုပ်မဲ့ ဆရာတယောက် ဖြစ်မလာဘူးဆိုတာလဲ မမေ့ပါနဲ့၊ အဲဒီလို ဘိုင်ပရောဒတ်(By-Product)ကိစ္စမျိုးကို မိန်းလိုင်(Main Line)ပို့လိုက်ကထဲက ရန်ကုန်တက္ကသိုလ် ဖျင်းသွားတာဘဲ။ ရှေ့ဆက်ပြောလို့ အပိုဘဲ။ စာဘဲသင်လို့ အမိန့်ချရင်နံမယ်ပါပြောင်း၊ ကြိုက်မယ်ဆိုရင် “မဟာဟိုက်စကူးကြီး”လို့ ကွယ်ရာက သူတကာမကြားတကြားခေါ်နေမှာဘဲ။

ကျောင်းသား။ ။ တသက်လုံးဖျင်းလာတဲ့ သူငယ်ကလေးကို ဆယ်ပေပတ်လယ်အခမ်းငယ်ထဲမှာ နှစ်ယောက်တတွဲထဲ့ပြီး လေးနှစ်ထားလိုက်ရုံနဲ့ တိုင်းပြည်အတွက် အသုံးဝင်မဲ့လူတော်လူကောင်းလေး ဖြစ်မလာပါဘူး။ စိတ်ချ၊ လူတရာမှာ ကိုးဆယ့်ငါးယောက်ဘီအေအောင်မယ်ဆိုရင် နှစ်မျိုးဘဲပြောလို့ရတယ်၊(၁)တယ်တော်တဲ့ဆရာတွေဘဲလို့ ချီးမွမ်းပြီး(၂)ကျန်တဲ့ငါးယောက်က နုနေသလားလို့ဘဲ မေးစရာကျန်တော့တယ်။ ဘီအေအောင်သွားတဲ့ ၉၅ယောက်ကလဲ ငါဘီအေကွလို့ သွေးကြီးပြီး ပေါကြောင်ကြောင်ဖြစ်သွားတယ်။ ဟန်ဟန်ပန်ပန် အလုပ်တခုကို ဦးစီးပြီးလုပ်ကိုင်နိုင်တဲ့ အရေအချင်းရမသွားဘူး၊ ကျန်ရစ်တဲ့ ငါးယောက်ကလဲ နောင်နှစ်မတ်လမှာလည်း ငါတို့လဲ ကြိမ်းသေအောင်အုံးတော့မယ်လို့ အအိပ်အစားမပျက်လှဘူး။ ဒီတော့အဖြေက တက္ကသိုလ်ကိုရောက်လာတဲ့ လူချစ်ကလေးဟာ”ဇ”ရှိတဲ့ လူငယ်ဖြစ်ရမယ်။ ကုန်ရိုင်း(Raw Material)ကောင်းမှ အထည်(Finished Product)ချောမယ်။ အချုပ်က မတ်ထရီကူလေးရှင်းအဆင့်ကို မြှင့်ပါ များများမမှန်းပါနဲ့။ စစ်ကြိုခေတ်အဆင့်ကိုဘဲ ပို့ပေးပါ။ ဆောင်ပုဒ်ကတော့ “တက္ကသိုလ်ရောက်လို့ရှိမှ စာတကြောင်းတော့ ဖြောင့်အောင်ရေးတတ်ရမယ်”။ အင်္ဂလိပ်မြန်မာ နှစ်ဘာသာလုံးကို ရည်ညွှန်းပါတယ်။ တက္ကသိုလ်မှာ ဝါကျဖွဲ့ထုံးကို ထပ်ပြီးသင်မနေသင့်ပါ။ ဖွဲကို ဆီလုပ်နိုင်တယ်လို့ ကန်ဘဲ့လက်တွေ့သုတေသနက ကျေညာဘူးပါတယ်။ ဒါပေမယ့် တက္ကသိုလ်က နားယောင်ပြီး ဖွဲကို ဆီမလုပ်သင့်ပါ၊ တက္ကသိုလ်က နှမ်းကိုသာ ဆီကြိတ်စေချင်တယ်။ တိုင်းပြည်ကလဲ ပဲဆီတောင်တို့မကြိုက်လို့ တင်းသင့်တယ်။ အချုပ်ကတော့ တက္ကသိုလ်မှာရောက်နေပြီး ဖွဲတွေကို ကန်ဘဲ့နည်းနဲ့ ဆီဖြစ်အောင် လုပ်နိုင်လဲလုပ်ပါ။ သို့သော် နောက်နောင်ကိုတော့ နှမ်းကိုဘဲပေါက်ဈေးနဲ့ဝယ်ပို့ပါ ဈေးကြီးချင်ကြီးပါစေ။

ဆရာ။ ။တက္ကသိုလ်မှာ ရှေးရှေးက ကျောင်းကိုဝိုင်းထားတဲ့ သံဝင်းထရံသာရှိတယ်။ အခု တက္ကသိုလ်နယ်တခုလုံး သံထရံဝိုင်းပြီးပြီ။ ဝင်ကြေးကလေးတမတ်-လူကြီး ပြားလေးဆယ်။ တိရစ္ဆာန်များကို မစပါနဲ့ဆိုတဲ့ ဆိုင်းဘုတ်ဘဲ လိုတော့တယ်လို့ ပျက်ရယ်ပြောတာ ကြားဘူးတယ်။ မန်ချူးရီးယားကျား၊ ပါကစ္စတန်ဆိတ်သိုး၊ အမေရိကန်နွားရိုင်း၊ အင်္ဂလန်မွေးရှည်လိပ်ဆိုတဲ့ စာတမ်းကလေးများလဲ လိုသေးသပေါ့ဗျာ။ လူမျိုးဆက်ပြန့်ပွားရေးသာမူလ။ တလင်တမယားစနစ်ဟာ ကျဉ်းမြောင်းတယ်။သဘာဝလိင်ပြဿနာကို လူလုပ်တဲ့ဥပဒေနဲ့ ဘောင်မခတ်ရ၊ အရေးမယူရလို့ ယူဆကြဟန်လဲ ရှိမယ်ပေါ့ဗျာ။ လေကိုသာစားတဲ့ ကြောင်ပါးကြီးရှိသလို သက်သတ်လွတ်စားတဲ့ ကျားလဲရှိတယ်။ လူစကားပြောတဲ့ ကျီးဖြူလဲရှိမယ်။ အကုန်လုံး တလှိမ့်ထဲ မကောင်းမကန်းတွေတော့ ဟုတ်မယ်မဟုတ်ပါဘူး။
ဒီတော့(၁) နိုင်ငံခြား ကန်ဂရူးမကြီးဗိုက်ထဲဝင်နေတဲ့ သားသားလေးဆရာ။(၂) ငွေစာရင်းမရှင်းနိုင်တဲ့ သမဝါယမလူကြီးဆရာ။(၃) ဇာတ်တူသားစားတဲ့ ငန်းတော်ကြားဆရာ။ (၄) မေးခွန်းပေါက်တော့ အိမ်စေကြောင့်လို့ပြောတဲ့ အိမ်စေ့အမှုထမ်းဆရာ။ (၅) ကြင်ဖော်အများကို ဆရာမချည်းခန့်နိုင်စွမ်းရှိတဲ့ ဖျံဆရာ။ အဲဒီဆရာတွေကိုလဲ စစ်ထုတ်ပြီး ရေကြည်ရာမြက်နုရာ၊ သွားလိုရာရာ၊ သွားတော့ နုတ်ထွက်စာကလေး ရေးခဲ့ဗျာလို့ ပစပ်နားရွက်ချိတ်အောင် ခပ်ပြုံးပြုံး မျက်နှာထား၊ ဒူးနဲ့ တိုက်ဘို့ကောင်းပါပြီ။
ကျန်ဆရာတွေကိုတော့ သုတေသနကိုလည်း လေးလေးစားစားလုပ်ခိုင်းပါ။ လုပ်နိုင်အောင်လဲ အခွင့်အရေး(Research Facility)ပေးပါ။ သတင်းတပတ်မှာ နာရီ ၃၀ စာသင်ခိုင်းနေရင်တော့ ဘာသုတေသနမှ လုပ်မရဘူး။ နာရီ ၁၄ ဆိုတာတောင်များတယ်။ ကျောင်းသားကို လူစစ်စစ် နဲနဲ ဖြစ်သွားအောင် ရွေးချယ်ပြီးမှ လက်ခံရင် ဆရာမှာလဲ စာသင်တာဝန်(Teaching Load)ပေါ့သွားမယ်၊ သုတေသနလုပ်ချိန်ရမယ်။
အချုပ်ကတော့ တက္ကသိုလ်မှာ သုတေသနကို မူလအခြေခံကိစ္စတရပ်အနေနဲ့ ထားစေချင်တယ်။ ဒီမူနဲ့ မကိုက်ရင် ဘယ်ဆရာမှ ရာထူးတိုး(Promotion) မပေးနဲ့။ ရုရှားမှာ ပါမောက္ခကို သုံးနှစ်သာခန့်တယ်၊ အဲဒါလဲ သုတေသန လက်စကို ကြည့်ခန့်တာ၊ ပါမောက္ခဖြစ်ပြီးမှ ညာဝါးနေရင်လဲ နောက်သုံးနှစ် ဆက်မဖြစ်ဘူး၊ အောက်ကလူထက် တော်တဲ့ လူက တက်လာမှာဘဲ။ ရာထူးတိုးရေးမှာ လုပ်သက်(Seniority)ထက် သုတေသန အရည်အသွေး(Research Ability)ကို ရုရှားမှာ အဓိကထားတယ်လို့ သိရတယ်။ အဲဒါလေးတခုလဲ သတိရကြစမ်းပါ။
နောက်တချက်ကတော့အခုတက္ကသိုလ်မှာ သင်ကြားပို့ချတဲ့ ဘာသာရပ်တွေများလွန်းလို့ မနိုင်မနင်းရှိတာလဲရှိ၊ ငွေကုန်ကြေးကြများ များတာလဲများ ဆိုသလိုဖြစ်နေတယ်။ ဒီတော့ တချို့ဌာနတွေ ဖြုတ်၊ တချို့ပေါင်း၊ တချို့ဆရာဖြုတ်၊ တချို့ရာထူးချဆိုတာတွေ လုပ်ရတော့မယ်။
ပေါင်းသင့်တာက ဝိဇ္ဇာဘက်မှာ(၁)အရှေ့တိုင်းရာဇဝင်နဲ့ အနောက်တိုင်းရာဇဝင်။ (၂)မြန်မာဘာသာ၊ မြန်မာစာပေ။ (၃)ပါဠိနဲ့ ဗုဒ္ဓကျမ်းစာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒနဲ့ စာရင်းအင်း။ (၄)နိုင်ငံရေးပညာနဲ့ နိုင်ငံတကာဆက်ဆံရေး။ (၅)ဖီလော်ဆော်ဖီနဲ့ ဆိုင်ကိုလိုဂျီ။ (၆) ပထဝီ၊ဘူမိဗေဒနဲ့ အန်သရိုပေါ်လော့ဂျီ။ (၇)အဘိဓာန် ဘသာပြန်စာအုပ်ထုတ်ဝေရေးနဲ့ ပုံနှိပ်လုပ်ငန်း-အဲဒါတွေဘဲ။
သိပ္ပံဘက်က (၁) ရုက္ခဗေဒနဲ့ သတ္တဗေဒပေါင်းပေါ့ဗျာ။ အင်ဂျင်နီယာနဲ့ မယ်ဒီကယ်က အကြွေးတွေလဲ ပေါင်းစပ်ပေးပေါ့ဗျာ။ အဲဒီလိုပေါင်းတော့ ဌာနနဲသွားမယ်၊ အဆောင်အယောင်တွေ ပြုတ်တော့ ငွေကုန်နဲသွားမယ်။ ဒါပေမဲ့ဌာနတခုမှာ ပါမောက္ခတယောက်ထက် ပိုချင်ပိုပါစေဆိုတဲ့ မူကတော့ကြိုက်စရာပါဘဲ။ နမူနာပြောရရင် ပထဝီဌာနမှာ ပထဝီပါမောက္ခ၊ ဘူမိဗေဒပါမောက္ခနဲ့ အာခီအော်လောဂျီပါမောက္ခ သုံးဦးတောင် ရှိချင်ရှိမယ်ပေါ့။ ဌာနမှူးကတော့ သူတို့အလှည့်နဲ့ လုပ်ချင်လုပ်၊ သုတေသနမှာ အစွမ်းဆုံးလူကိုဘဲ ထားထားပေါ့ အဲဒီလိုပြောချင်တယ်။ ပါမောက္ခကိုလဲ ရုရှားမှာလို သုံးနှစ်အပိုင်းအခြားထားရင်သာကောင်းအုံးမယ်။
အဲဒီအခါမှာ လုပ်စေခိုင်းသူနဲ့ လုပ်ရမဲ့လူနှစ်ဦးစလုံး သတ္တိရှိကြမှ ဖြစ်မယ်။ လူညံ့ လူဆိုးတွေတော့ မနေနိုင်အောင် လုပ်လိုက်တာဘဲ ကောင်းမယ်။

သင်ကြားပို့ချရန် ဘာသာစကား။ ။ တခါက တက္ကသိုလ်မှာ မြန်မာသက်သက်သင်ကြားပို့ချတော့မယ်လို့ စိတ်ကူးကို မဖြစ်ဖြစ်အောင် ကြံစည်အားထုတ်ဘူးတယ်။ သင့်မသင့် အခြေအတင်စဉ်းစားကြတယ်။ မြန်မာလိုသင်တော့လို့ခိုင်းခဲ့တယ်၊ လုပ်ကြည့်တယ်။ ၁၉၆၀ ပြည့်နှစ်မှာ မြန်မာလိုဘာသာအားလုံးသင်နိုင်တော့မယ်လို့ ကြွားခဲ့တယ်။ မဖြစ်ခဲ့ဘူး။ အခုအခါမှာတော့ မဖြစ်နိုင်သေးပါခင်ဗျားလို့ ဘွာခပ်ချိန်ရောက်ပြီ၊ မြန်မာအင်္ဂလိပ် စင်ပြိုင်သင်တန်းထားနေရတုံးပါဘဲ။ ဘီအေတန်းမှာ အင်္ဂလိပ်သက်သက်သာသင်နိုင်တဲ့ ဘာသာက များနေတုံးဘဲ။
ဒီတော့အောက်က မက်ထရစ်ကူလေးရှင်းအဆင့်မှာ အင်္ဂလိပ်ဘာသာနိုင်နင်းသူများ ဖြစ်မဖြစ်စစ်ပြီးမှ တက္ကသိုလ်ကို ပို့လိုက်ရင် ယခုပြဿနာ ရှိတော့မှာမဟုတ်ဘူး။ အခုလက်တွေ့ကတော့ အင်္ဂလိပ်လိုဘဲ သင်ဘို့သင့်တယ်လို့ ယုံတယ်။ အထူးသဖြင့် ဂုဏ်ထူးတန်း(Honours)နဲ့ ဘွဲ့လွန်တန်း(Post-Graduate)များမှာ အင်္ဂလိပ်ဘာသာကို လက်လွှတ်လို့မဖြစ်။ အဲဒီအချက်ကို တပည့်ရော-ဆရာရော အစိုးရရော မျက်ခြေမပြတ်သင့်ဘူး။

မော်ကွန်းထိန်း။ ။ တက္ကသိုလ်ပညာပိုင်းမှာ ပါမောက္ခရှိသလို အုပ်ချုပ်ရေးပိုင်းမှာ မော်ကွန်းထိန်းရှိတယ်။ တက္ကသိုလ်မှာ အရည်အချင်းကောင်းတဲ့ ကျောင်းသားကိုသာ လက်ခံမယ်။ အသက်မွေး အလုပ်သင်ကျောင်း(Vocational & Technical Institutes)တွေကို ကျောင်းသားများများရောက်သွားအောင် လမ်းလွဲပေးနိုင်မယ်ဆိုရင် တက္ကသိုလ်မှာ ကျောင်းသားနဲသွားမယ်။ ပြီးတော့ တက္ကသိုလ်ကလဲ “အဌာရသသုံးလီ” သင်မယ်လို့ ကြွားမနေဘဲ “အာတာ၊ အဌာရသ”လောက်ဘဲ သင်တော့မယ်ဆိုရင် ဆရာနဲသွားမယ်။ စာမေးပွဲတွေ မအောင်မခြင်း လုပ်မပေးတော့ဘူးဆိုရင် အလုပ်နဲသွားမယ်။
ကျောင်းဆောင်ပြဿနာ၊ ဆရာနေအိမ်ပြဿနာတွေလဲ နဲသွားမယ်။ ဒီတော့ အုပ်ချုပ်ရေးမှာ မော်ကွန်းထိန်းနှစ်ယောက် မလိုတော့ဘူး။ မော်ကွန်းထိန်းတယောက် ရှိရင်တော်ပြီ။ ရှိပြီးသားနှစ်ယောက်အနက် တယောက်က ၅၅နှစ်ကျော်၊ တယောက်က ၃၅နှစ်အောက်လို့ သိရတယ်၊ နှစ်ယောက်စလုံးပယ်ပြီး ၇၀ ကျော်ကိုစမ်းခြင်စမ်းပါ။
ဒါပေမဲ့ ပါမောက္ခအရည်အသွေးမျိုး၊ လခမျိုးနဲ့ ဂုဏ်သိက္ခာကြီးသူကိုဘဲ ရွေးပြီး တယောက်ထဲထားသင့်တယ်။ မော်ကွန်းထိန်းဆိုတဲ့ ပုဂ္ဂိုလ်က ဘီအေ ဘီအက်စီ လောက်ဆိုရင် ပါမောက္ခချုပ်ရဲ့ ဩဇာခံသက်သက် သေဆိုသေ၊ ရှင်ဆိုရှင် ဖြစ်နေမယ်။ ဖြစ်လဲဖြစ်ခဲ့တယ်။
ရှင်းရှင်းပြောရရင် မော်ကွန်းထိန်းက ပါမောက္ခချုပ်ကို မျက်နှာစေ့စေ့ကြည့်ပြီး ကိုယ့်ဆရာအလောင်းစည်သူ ဘယ်တုံးကဖြစ်သွားသလဲ၊ လက်ညှိုးထိုးတိုင်း ရေမဖြစ်ဘူးဗျလို့ ပြောရဲရမယ်။ မနေ့တနေ့ကအထိ တက္ကသိုလ်မှာ အလောင်းစည်သူ ပါမောက္ခချုပ်များ လက်ညှိုးထိုးတိုင်း ရေဖြစ်လာခဲ့တာဟာ တဖက်က မော်ကွန်းထိန်းများက ဗျာဒိတ်တော်မြတ်သာကြားပါ ကျောကုန်းကို နင်းရှောက်သွားပါလို့ သုမေဓာလုပ်ခဲ့လို့ ဖြစ်တယ်။ လူပေါ်လူနင်းရှောက်တာကို ခံတဲ့ သုမေဓာ မော်ကွန်းထိန်းမျိုးမထားသင့်ဘူး၊ လူတော်ကိုရှာ တယောက်ထဲထား လခတိုးပေး ပါမောက္ခချုပ်ခိုင်းသမျှသာလုပ် စာရေးကြီးမျိုးဘဝက ဆွဲထုပ်ပြီး တာဝန်ခံအကြီးအကဲအဆင့်ပြန်ပို့ အဲဒါအဖြေဘဲ။

-ထွန်းနေ့စဉ် သတင်းစာပါ ဆောင်းပါး ၁၉၆၀

Nay Min Ni

Via.Tun Tun
Credit