Sediments Laden Panhlaing River in Lower Myanmar နုန်းနစ်ပန်းလှိုင်
ON BY UKYAWOOIN RESOURCES, WATER


(အေးမြင့်(ညောင်တုန်း)၏ ရေအင်ဂျင်နီယာနည်းပညာအချက်အလက်နှင့် အယူအဆ ရေးသားချက်ကို ကျော်ဦးက တည်းဖြတ်မွမ်းမံပါသည်။)
မြစ်များ တိမ်ကောလာခြင်း၏ အကြောင်းရင်းများမှာ မြစ်ဖျားခံရာနှင့် ဖြတ်သန်း စီးဆင်းရာ ဒေသများ၌ မိုးနည်းသွားခြင်း၊ ထုတ်ယူသုံးစွဲမှု များလွန်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နုန်းအနည် များလာခြင်း စသည်တို့ကြောင့် ဖြစ်သည်။ လူဦးရေများလာ၊ ရာသီဥတုပြောင်းလဲလာသော ကမ္ဘာတွင် တိမ်ကောသော မြစ်စင်းရေ ပို၍များလာသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက တရုတ်နိုင်ငံ၌ မြစ်ပေါင်း ၂၈၀၀၀ ကျော် ပျောက်ဆုံးသွားသော သတင်းသည် ရေအရင်းအမြစ်နယ်ပယ်တွင် ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောသွားသော မြစ်ချောင်းများရှိသည်။ လေ့လာ မှတ်တမ်းပြုစုမှု အားနည်းသောနိုင်ငံဖြစ်၍ မြစ်ချောင်းတိမ်ကောမှု အများစုကို ဆိုင်ရာဒေသခံများသာ သိမီလိုက်သည်။ အချိန်ကြာလာသောအခါ ဒေသခံများပင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့အနီး၌ ဧရာဝတီမြစ်မှ ခွဲထွက်လာကာ ၃၄ မိုင်မျှ စီးဆင်းလာပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီးတွင် လှိုင်မြစ်အတွင်းသို့ စီးဝင်သော ပန်းလှိုင်မြစ် တိမ်ကောခြင်းသည်မူ လူဦးရေထူထပ်သောဒေသဖြစ်၍ အများက အာရုံစိုက်မိကြသည်။

Source:The Farmer Myanmar
မြစ်ဝ၌ ပေ ၁၀၀၀ ခန့်ကျယ်ပြီး မြစ်ရိုးတလျှောက်ပျမ်းမျှပေ ၃၀၀ မှ ၅၀၀ အထိကျယ်သောပန်းလှိုင်မြစ်တွင် တစ်ချိန်က လူစီးသင်္ဘောများ၊ ပဲ့ထောင်များ ဖြတ်သန်း သွားလာနိုင်ခဲ့သဖြင့် အနီးဝန်းကျင်ရွာများ ရေကြောင်းသွားလာရေးအတွက် အားထားရာ ဖြစ်ခဲ့သည်။ ထို့အပြင် ပန်းလှိုင်မြစ်ရေသည် စိုက်ပျိုးရေးအတွက်လည်း အကျိုးပြုသည်။ ညောင်တုန်းကျွန်းထဲတွင် ယခင်ကရှိခဲ့သည့် ရေနက်ကွင်းများတွင် မိုးစပါးအပြင် နွေစပါးအတွက် ရေထိန်းတံခါးများ၊ ရေထုတ် ရေသွင်းမြောင်းများ တည်ဆောက်ကာ ညောင်တုန်းကျွန်းမြောက်ပိုင်းရှိ ပန်းလှိုင်ရေတံခါးနှင့် မဲဇလီရေတံခါးကတဆင့် ပန်းလှိုင်မြစ်ရေကို ကွင်းထဲသွင်းသည်။ ထန်းတပင်မြို့နယ် တက်သစ်ကျွန်းအတွက်လည်း ပန်းတိုင်ရေတံခါးကတဆင့် ပန်းလှိုင်မြစ်ရေကို သွင်းယူပြီး စပါးစိုက်ခဲ့ကြသည်။
ယင်းသို့အဆင်ပြေခဲ့သော်လည်း လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်မှစ၍ ပန်းလှိုင်မြစ်သည် တဖြည်းဖြည်း ကောလာခဲ့သည်၊ ကောလာခဲ့သည့် အဓိကအကြောင်းများအနက် တစ်ခုမှာ ရေစီးနည်းလာခြင်းဖြစ်သည်၊
ပန်းလှိုင်ရေသည် ဧရာဝတီရေပင်ဖြစ်ရာ ဧရာဝတီမြစ်ကိုယ်နှိုက်က ရေစီးနည်းလာသည့်အပြင် ပန်းလှိုင်မြစ် ဖြတ်သန်းရာ အညာစုရွာ တစ်ဖက်ကမ်းရှိ ကတွယ်မြစ်ကွေ့ကို ဖြတ်ဖောက် တူးဖော်လိုက်ခြင်းကြောင့် ဧရာဝတီရေသည် မိုးရောနွေပါ ယင်းဖြတ်မြောင်းအတိုဘက်သို့ ရေစီးသန်သွားပြီး ပန်းလှိုင်မြစ်ဘက်သို့ အဝင်နည်းသွားခြင်း ဖြစ်နိုင်သည်။
ပန်းလှိုင်မြစ် ကောခြင်း၏ နောက်ထပ်အကြောင်းမှာ နုန်းပို့ချမှု များလာခြင်း ဖြစ်သည်။ ပန်းလှိုင်မြစ်ထဲရှိ နုန်းများသည် မိုးတွင်း၌ အထက်ဧရာဝတီမြစ်က ဆင်းလာသည့်ရေတွင် ပါလာသော ရေချိုနုန်းနှင့် အောက်ဖက် ရန်ကုန်မြစ်ထဲက တက်လာသည့် ပင်လယ်ရေတွင် ပါလာသော ရေငန်နုန်းတို့ ဖြစ်ကြသည်။ ပန်းလှိုင်မြစ်ရိုး၌ ဒီဆိုင် ဖြစ်နေခြင်းကလည်း မြစ်ကောရန် အထောက်အကူပြုသည်။ ဒီဆိုင်ဆိုသည်မှာ တက်လာသောပင်လယ်ဒီရေနှင့် မြစ်ညာမှရေစီးတို့ ထိပ်တိုက်တွေ့ဆုံကာ ရေစီးတန့်သွားသောနေရာကို ခေါ်သည်။ ယင်းသို့ ထိပ်တိုက်ဆုံမိကြသောနေရာ၌ ပါလာသော အနည်အများအပြားကို ပို့ချသဖြင့် မြစ်ကောလာရသည်။
ပန်းလှိုင်မြစ် ရေစီးရေလာကောင်းနေခဲ့စဉ် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူများသည် မြစ်ကို ဝါးများ တုတ်တန်းများ ငါးဖမ်းပိုက်များဖြင့် တားဆီးပိတ်ကာ၍ ဖမ်းကြသည်၊ ငါးဖမ်းရာသီကုန်သော်လည်း တန်းများ ပိုက်များကို နောက်နှစ် ငါးဖမ်းရာသီအတွက် မသိမ်းဘဲချန်ထားခဲ့ခြင်း၊ ဖြုတ်သိမ်းသော်လည်း တိုင်ငုတ်များ မြစ်ကြမ်းပြင်ပေါ်တွင် ကျန်နေခဲ့ခြင်းတို့ကြောင့် နုန်းတင်လွယ်သဖြင့် ကောခြင်း ဖြစ်နိုင်သည်။
ပန်းလှိုင်မြစ်ကောခြင်းကြောင့် သွားရေးလာရေး ခက်ခဲလာသည့်အပြင် ပန်းလှိုင်မြစ်ရိုးတလျှောက်ရှိ(မိုးရာသီ ရေမကြီးရန်၊ ကွင်းရေများထုတ်ရန်နှင့် မြစ်ရေပြန်မဝင်စေရန် တည်ဆောက်ထားခဲ့သော) ရေနုတ် ရေတံခါးများမှ (မြစ်ထဲတွင် နုန်းမြင့်တက်လာသဖြင့်) ရေမထုတ်နိုင်တော့ဘဲ အရွှဲကွင်း၊ ညောင်တုန်းကျွန်း၊ တက်သစ်ကျွန်း၊ ရွှေမယင်းကွင်းစသော နေရာများတွင် ရေကြီးရေလျှံအန္တရာယ်နှင့် ကြုံတွေ့ရသည်။Source: Pan Hlaing System ReportSource: Pan Hlaing System Report
ထို့ကြောင့် ပန်းလှိုင်မြစ်ကို ပြန်လည်တူးဖော်ရန် ဆည်မြောင်းဌာနက ၂၀၁၄ ခုနှစ်တွင် စတင်စီစဉ်သည်။
ထိုအချိန်၌ ကျွန်တော်(ဦးအေးမြင့်)သည် ဆည်မြောင်းဌာနမှ အငြိမ်းစားယူပြီး ဖြစ်နေသည်။ ကျွန်တော် တာဝန် ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံ အခြားဒေသများအပြင် ပန်းလှိုင်မြစ်ဝန်းကျင်နှင့် ဆက်စပ်နေသော ညောင်တုန်းကျွန်း၊ ရွှေမယင်းကွင်း၊ တက်သစ်ကျွန်း၊ ရန်ကုန်တိုင်း တိုက်ကြီး ဘောလယ်ကျွန်း အိုင်ကလောင်ကျွန်း၊ ပန်းတနော် ဗောဓိကွင်း၊ မိုးကုတ် ဒီးဒုတ်ကွင်းစသည့်ဒေသများတွင် ရေစီမံမှု၊ ရေကြီး ရေလျှံသက်သာရေး၊ မိုးစပါးအပြင် နွေစပါးပါ စိုက်ပျိုးနိုင်ဖို့ ရေသွင်းအလုပ်များ၊ မြစ်ချောင်းတူးမြောင်း ထိန်းသိမ်းပြုပြင်ခြင်း၊ မြေယာသစ် ဖော်ထုတ်ခြင်း စသည်တို့ကို ပြည်တွင်း ပြည်ပ ဗဟုသုတ ပညာများကို အခြေခံပြီး ကွယ်လွန်သူ မြစ်ဝကျွန်းပေါ် ရေအင်ဂျင်နီယာကြီး ဦးထွေးမြင့်၏ နည်းပေးလမ်းပြမှုနှင့် အတွေ့အကြုံကောင်းများကို ရရှိခဲ့သည်။
ထို့အပြင် ပန်းလှိုင်မြစ်အပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ် ရေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် နယ်သာလန် မြစ်ဝကျွန်းပေါ်ရေပညာရှင်များနှင့် တွဲဖက်လုပ်ကိုင်ခဲ့ဖူးသည်။
တိမ်ကောနေသည့် မြစ်ချောင်းများကို ယခင်ကလည်း ပြန်လည် တူးဖော်ခဲ့ကြဖူးရာ နည်းပညာပိုင်းနှင့် ထိန်းသိမ်းရေး အားနည်းချက်တို့ကြောင့် ပြန်လည်တိမ်ကောသွားဖူးသည့် သာဓကများ ရှိသည်။
သန်လျင်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်တို့ကို ဖြတ်စီးနေသော ခရမ်းချောင်းကို မဆလခေတ်က ပြန်လည် တူးဖော်ပြုပြင်ခဲ့ဖူးသည်။ သို့သော် ခရမ်းချောင်း၀ ပွင့်နေသောကြောင့် တူးပြီး နှစ်အနည်းငယ် အတွင်း ပဲခူးမြစ်၊ ရန်ကုန်မြစ်တို့မှတဆင့် နုန်းဝင်ရောက်ကာ ပြန်လည်တိမ်ကောခဲ့ဖူးသည်။ အလားတူ ဝေါမြို့နယ် အဗျားရှမ်းကိုင်းချောင်းကို အကြိမ်ကြိမ် တူးဖော်ခဲ့သော်လည်း တူးပြီး ပထမနှစ်တွင်သာ ကောင်းနေပြီး နောက်နှစ်များတွင် တဖြည်းဖြည်းပြန်ကောသွားဖူးသည်။ ခရမ်းချောင်းနှင့် အဗျားရှမ်းကိုင်ချောင်းတို့၏ ထိပ်တွင် ရေငန်နှင့်နုန်းကို တားဆီးပြီး ရေချိုထိန်းထားနိုင်သည့် ရေတံခါးကြီးများကို တည်ဆောက်လိုက်မှ နုန်းမဝင် မြစ်ပြန်မကောသည့် သာဓကများ ရှိခဲ့သည်။
ယင်းအတွေ့အကြုံများကို အခြေခံကာ ပန်းလှိုင်မြစ်ကို တူးဖော်ရုံ သက်သက်မဟုတ်ဘဲ မြစ်ထိပ် တစ်ဘက် တစ်ချက်၌ ရေထိန်း ရေထုတ် နုန်းတားရေတံခါးကြီးများ တည်ဆောက်မှသာ အရာထင် အောင်မြင်မည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မိုးရာသီ၌ ဧရာဝတီနုန်းများ၊ နွေရာသီ၌ ပင်လယ်ရေငန်နုန်းများ အနည်ထိုင်ခြင်းကြောင့် ပြန်ပြည့်သွားနိုင်ကြောင်း မိခင်ဆည်မြောင်းဌာနသို့ အကြံပြုစာများ ပေးပို့သည်။
သို့သော် ကျွန်တော့အကြံပြုချက်သည် တစ်ဝက်တစ်ပျက်သာ အောင်မြင်သည်။ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေ ၂၂ . ၅ ဘီလျံကျပ်ဖြင့် ၂၀၁၄ နိုဝင်ဘာမှ ၂၀၁၅ မေလအထိ လုပ်ငန်းဆောင်ရွက်ရာတွင် မြစ်ကြောင်းတူးဖော်ခြင်းနှင့် ပန်းလှိုင်မြစ်ထိပ် ကုက္ကိုလ်ဝမြစ်ဘက်တွင် မဲဇလီရေတံခါး အမှတ်(၂)တို့ကို ဆောက်လုပ်ခြင်းတို့သာ ပါဝင်သည်။ နွေရာသီတွင် အရှေ့တောင်ဘက် ရန်ကုန်မြစ်က ဝင်လာမည့် ပင်လယ်နုန်းကို ကာကွယ်ရန် နုန်းတားတမံ မပါဝင်ချေ။
ထို့ကြောင့် ပန်းလှိုင်မြစ် မကြာမီပြန်ကောမည် ဖြစ်ကြောင်း ကြိုတင် မှန်းဆခဲ့သည်။ မှန်းဆချက် မှန်ကြောင်း Weekly Eleven Journal ပါ ခိုင်သွေးကို၏ မြစ်တစ်စင်း၏ တန်ဖိုး ဆောင်းပါးက သက်သေခံလာသည်။ ယင်းဆောင်းပါးပါ အချက်အချို့ကို ကောက်နုတ်ဖော်ပြရလျှင် –
“ကျွန်တော် မြင်နေ တွေ့နေရတာ ပန်းလှိုင်မြစ်ပါပဲ။ မြစ်ပြင်အကျယ်အဝန်းက ရေမြောင်းကြီးတစ်ခုသာသာ အနေအထားမှာပဲရှိပါတယ်။ မြစ်ထဲမှာ သင်္ဘောမပြောနဲ့၊ စက်လှေအကြီးစားတစ်စီးတောင် ခုတ်မောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မြစ်ဆိုပေမယ့်လည်း မြစ်ရဲ့ဧရိယာအကျယ်အဝန်းက ကျွန်တော်တွေ့ဖူးတဲ့ မုန်းချောင်း မန်းချောင်း တောင်ကုတ်ချောင်း လမုချောင်းစတဲ့ ချောင်းတွေလောက်တောင် ရေပြင်မကျယ် မြစ်မဆန်တာကို တွေ့ရတယ်။ ဗေဒါပင်တွေအုံခဲနေတဲ့ မြစ်ရေပြင်ကိုငေးပြီး ဆို့နင့်သွားမိတယ်။ လက်ရှိမြင်တွေ့နေရတဲ့မြစ်ဆိုတာ ပြီးခဲ့တဲ့အစိုးရလက်ထက်ကမှ မြစ်ကြောင်းအတိုင်း တူးမြောင်းပုံစံ ပြန်ဖော်ထားတာလို့ သိရတယ်။ ဘာကြောင့် ဒီလောက်အထိ ဖြစ်သွားတယ် ကျွန်တော်မသိပါဘူး။ မြစ်တစ်စင်းကို အသက်ဝိဉာဉ်မဲ့သွား သေဆုံးသွားအထိ ဘယ်သူတွေကများ သတ်ပစ်ခဲ့ကြတာလဲ”

Source: https://www.agri.com.mm
Weekly Eleven Journal တွင် ယင်းဆောင်းပါးပါလာသည့် ရက်စွဲမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်ဖြစ်ရာ ပန်းလှိုင်မြစ် ပြန်လည် တူးဖော်ခြင်းလုပ်ငန်း ပြီးစီးချိန်မှရေတွက်လျှင် နှစ်နှစ်ခွဲမျှသာ ရှိသေးသည်။ ပန်းလှိုင်မြစ်ကို ပြန်လည်တူးဖော်ရာတွင် သုံးစွဲခဲ့သော ၂၂ . ၅ ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၂၂၅၀၀၀) တိုတောင်းသော အချိန်အတွင်း အလဟသဖြစ်သွားခဲ့ရသဖြင့် နောင်ထပ်မံဆုံးရှုံးမှုမဖြစ်ရအောင် ထပ်မံအကြံပြုရေးသားရခြင်း ဖြစ်ပါသည်။
ကိုးကား –
၁။ Pan Hlaing System Report, 29 August 2019, Royal HaskoningDHV, Arcadis
၂။ ပန်းလှိုင်မြစ်ကို ရင်ခွဲ၍ အသက်ပြန်သွင်းခြင်း၊ အောင်ဆန်း(စိုက်ပျိုးရေး)၊ The Farmer Myanmar မေ ၁၈-၂၄၊ ၂၀၁၅