မောင်မောင်သန်း၏ (၂၈.၇.၂၀၁၈ )နေ့ Facebook စာမျက်နှာပေါ်ပါ
နှစ်တိုင်းရေကြီးနေတတ်တဲ့ ပဲခူးဒေသ နှင့်ပတ်သက်၍
ဗိုလ်မှူး သမိန်၏ (ပြန်ကြားရေးဝန်ကြီးအတုယူနိုင်ရန် မီဒီယာသမားတွေလဲ ဖတ်ပါ ဓာတ်ပုံကအစ ဓာတ်ပုံစာကအစ) ” ပဂိုင်တာကျိုး၊ ပဲခူးရေကြီး “နှစ်တိုင်းရေကြီးနေတတ်တဲ့ ပဲခူးဒေသ ၊ ဆောင်းပါးအပေါ် သုံးသပ်ချက်များ
ဆောင်းပါးအ ပေါ် ဆရာသမား ၊ ဆရာဒေါက်တာအုန်းမြင့် သံုးသပ်ချက် နှင့်
ကျွန်တော် ၏ မှတ်ချက်။
သိပ်ကောင်းတဲ့ ဆောင်းပါးပါ။ ဗိုလ် မှူး သမိန် ဘယ် ခေတ်က ရေးတယ်တော့မသိပါ။ ပဲခူးရေကြီးတာ ကျွန်တော် အခု ၇၈ နှစ်ပြည့်တော့မယ်၊ အမြဲတမ်းပါဘဲ။ ဘယ်သူကမှ မဖြေရှင်းနိုင်သေးပါ။ မနက်ဖြန် နေပြည်တော်မှာ လုပ်မဲ့ ရေဥပဒေအစည်းအဝေးမှာ ပညာရှင်များဆုံတုန်း တင်ပြပေးပါဗျာ။
ပဲခူးသား အုန်းမြင့်
ရှားရှားပါးပါး ရထားတဲ့ နှစ်တိုင်းရေကြီးနေတတ်တဲ့ ခေတ်အဆက်ဆက်ကတည်းက ပဲခူးရေကြီးတဲ့ အကြောင်းကို ရသမြောက်ရေးထားတဲ့ သူတ ရသ ဆောင်းပါးကောင်းတစ်ခုပါ။
စာ ရေးဆရာ မှူး သမိန် ၏ မဆလခေ တ် က ပဲခူး မြို ့ နယ် အတွင်း ရေကြီး ဖြစ်စဉ် များနှင့် ပတ်သက် ၍ ကွင်း ဆင်းလေ့ လာ ေတွ့ ရှိချက်များကို ထို ခေတ် က ေ ရှ့ သို့ စောင်တွင် ဖေါ်ပြ ခဲ့ရာ ၊ စာပေ လက် ရာ ေ မြာ က်ကို ယ် ေ တွ့ဆောင်းပါး တစ်ပုဒ် ဖြစ်၍ ၊ကွယ်လွန်သူ စာ ရေးသူအား ဂု ဏ် ပြ ုသော အား ဖြင့် ၊ ကျန်ရစ်သူ မိသားစု ၏ ခွင့်ပြ ုချက် ဖြင့် ၊ ပြန် လည် ဖေါ် ပြ ခြင်း ဖြစ်ပါ သည် . ။
( မူရင်း ဆောင်းပါး ပါ ဆရာ ဗမ သမိန်ရဲ့ ဓာတ်ပုံစာတွေ သိပ်ကောင်းပြီး၊ ပဲခူးမှာ ရေကြီးသရုပ်ကိုကောင်းကောင်းဖေါ်ပြနေပါတယ်။
ပဲခူးမြစ်ဘေးက ပဲခူးမြို့ နှစ်စဉ်လိုလို ရေကြီးဓာတ်ပုံနဲ့ အခြားနေရာက ရေကြီးဓာတ်ပုံတွေ အတော် ကောင်းပါတယ်။ ယခု မဖေါ် ပြနိုင်သေးပါ ။ )
အေးမြင့် (ညောင်တုန်း ) ၆/၄/၂၀၂၂
……………………………………….
“ ပဂိုင်တာကျိုး၊ ပဲခူးရေကြီး “
နှစ်တိုင်းရေကြီးနေတတ်တဲ့ ပဲခူးဒေသ
ရေကြီးသည့် ပဲခူးနယ်သို့ရောက်ကြသည်။ ရဟတ်ယာဉ် ပြူတင်းမှ ငုံကြည့်လိုက်သောအခါ ကွင်းပြင်တစ်ခုလုံးမှာ ဖွေးဖွေးဖြူနေလေသည်။ တခါတရံ အပ်ချည်မျှင်ကဲ့သို့ သေးသွယ်သည့် မီးရထားလမ်းနှင့် ကားလမ်းကို တွေ့ရ၏။ ကားလမ်း ရထားလမ်းဘေးတွင်လည်း ရံဖန်ရံခါ စိမ်းစိုသော သစ်ပင်အုပ်နှင့် မြို့များ၊ ရွာများကို ကွက်ခနဲ ကွက်ခနဲ မြင်ကြရ၏။ အချို့အိမ်များမှာ ခေါင်မိုးသာ ပေါ်ပြီး၊ အချို့ဆန်စက်ကြီးများ၊ အစိုးရအဆောက်အဦးများမှာ ရေဝိုင်းလျက်ရှိသည်။
ညောင်လေးပင်နှင့် မဒေါက်အကြား ရထားလမ်းမှာ ရေထည်းတွင် ငုပ်ချည် ပေါ်ချီ ဖြစ်နေ၏။ မီးခိုးတလူလူနှင့် စမ်းတဝါးဝါး သွားနေပုံရသော မီးရထားတစင်းကိုလည်း မြင်တွေ့ရသည်။ စစ်တောင်းမြစ်မှာ ရေပြည့်ရုံတွင်မက ကမ်းစပ်ကိုပင် ကျော်လွှားနေလေပြီ၊ မြစ်ဆိုသော ရုပ်ပင် မပေါ်တော့ပဲ ရှိနေသည်။ သံလွင်မြစ်ကို(စစ်တောင်းမြစ်ဖြစ်ရမည်) စီးဝင်လာသည့် ရွှေကျင်ချောင်း စသည်တို့မှာလည်း မြစ်ဝပင် ရှာမတွေ့အောင် ရှိနေလေသည်။ စစ်တောင်းမြစ်ဘေးရှိ ရွှေကျင်၊ မဒေါက်၊ သရက်သမိန် စသည့် မြို့ရွာ အားလုံးပင် ရေမြုပ်လျက်ရှိ၏။
ပဲခူးသားတို့သည် နှစ်စဉ်လို ကြုံတွေ့နေရသော ရေဘေးကို သိနားလည်ထားကြ၏။ ထို့ကြောင့် မိုးဦးကျလာလျှင် ရေဘေးအတွက် မိမိတို့ တတ်နိုင်သည့် ပြင်ဆင်မှုများကို လုပ်ထားရသည်။ မိမိတို့အိမ်တွင် အထပ်ခိုးလေး ပြုလုပ်ထားရခြင်း၊ ဆန်၊ဆီ၊ဆား၊ထင်းမှအစ သိုလှောင်ထားခြင်း၊ သောက်ရေ သုံးရေ စုဆောင်းထားခြင်းများ ပြုလုပ်ထားကြ၏။ အိမ်ရေမြုပ်လျှင် အထပ်ခိုးသို့ရွှေ့ပြောင်းကြသည်။ အထပ်ခိုးအထိ ရေတက်လာသောအခါ ခေါင်မိုးပေါ်သို့တက်၍ ရွှေ့ပြောင်းနေကြတော့သည်။ ကျွဲ၊ နွား၊ လှည်းမှအစ လယ်သမားများအတွက် အားပြုစရာ အရင်းအနှီးကလေးများကို လည်း မိမိတို့နှင့် မခွာနိုင်ပဲ အိမ်အတွင်းကြမ်းတပြင်ထဲတွင် တင်၍ အတူနေထိုင်ကြရသည်။ စားလည်း တထပ်ထည်း၊ အိပ်လည်း တနေရာထည်း၊ အပေါ့အပါးကိစ္စအတွက်လည်း နေရာမရွေးနိုင် ကြတော့ပါ။ ရေထည်းတွင် မီးလောင်မှာပင် စိုးရသည်။ မီးဖိုနှင့် ခေါင်မိုးမှာ အတော်ပင် ကပ်နေလေသည်။
တအိမ်နှင့် တအိမ်၊ တရွာနှင့်တရွာ သွားလာမှု စံနစ်သည်လည်း ပြောင်းလွဲလာရ၏။ ကား၊ လှည်း၊ မြင်း၇ထား စသည်နှင့် သွားလာနေရာမှ လှေနှင့်သာ သွားနိုင်သည့် အဖြစ်သို့ရောက်ကြရ၏။ ပဲခူးကဲ့သို့သော မီးရထားဘူတာကြီးတွင်ပင် ရထားဆိုင်သောအခါ ထုံးစံအတိုင်း ကား၊ ရထားများ ကြိုနေ၇မည့်အစား လှေကလေးများ အစီအရီ အလုအယက် လာရောက် စောင့်ကြိုနေကြလေသည်။
ဗမာလူမျိုးပီသစွာ တွေ့ကြုံရသောဘေးကို အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးထားပြီး ခပ်ဧဧ ခပ်ပျော်ပျော် နေကြသူများကိုလည်း တွေ့ရ၏။ ကလေးများမှာလည်း အညာဒေသတွင် တွေ့ရသည့်အတိုင်း—
“မိုးရွာရင် ရေချိုးမယ်၊ အမေလာရင် နို့စို့မယ်´´ ဆိုသလို ဆော့ကစားနေကြလေသည်။
ကျွဲနွားများ ဒုက္ခရောက်နေရသဖြင့် ကောက်ရိုးတွေ စုဆောင်းပေးရသည့် အကြောင်းကို ကြားရသည်။ ဟုတ်ပါသည်။ လူတွေအတွက် ပြင်ဆင်မှု လုပ်နိုင်သော်လည်း ကျွဲနွားများအတွက် လုံလောက်သော ပြင်ဆင်မှု မလုပ်နိုင်ကြရှာပါ။ ကျွဲနွားများသည်လည်းအချို့ ကုန်းစပ်ပေါ်နေသည့် နေရာကွက်ကွက် ကလေးများပေါ်တွင် အလုအယက် တက်နေကြ၏။ အချို့မှာလည်း ခြောက်သွေ့သည့် မြေနေရာ ရှာမရ၍ ရေတည်းတွင် အုပ်လိုက် တဝဲလည်လည်ပင် ရှိသည်။ ရွာသားအချို့မှာ မတတ်နိုင်သည့်အဆုံး ဆည်မြောင်းဘက်က တာရိုးပေါ်တွင် တင်ကြိုပို့ထားကြသည်။ ဆည်ဘက် တာဝန်ခံများကလည်း ဆည်ဘောင်ပေါ်တွင် ကျွဲနွားမထားရ အမိန့်ကြောင့် ရွာသားများနှင့် တကျက်ကျက် ဖြစ်ကြပြန်သည်။ သူတို့အားလည်း အပြစ်မဆိုသာခြေ။ ဆည်မြောင်းကျိုးသော် ယခုထက် ဆိုးဝါးသည့် ရေဘေးနှင့် ကြုံကြမည် ဖြစ်၏။ “ပဂိုင်တာကျိုးလျှင် လှည့်၍ပင် မကြည့်နှင့်တော့´´ ဟူသော အယူအဆ အစွဲ ကလေးများကလည်း “ကပင်´´ ကွင်းတလျှောက် ရွာသားများက ယုံစားလျက် ရှိ၏။ ထို့ကြောင့်လည်း ကန်ဘောင် ဆည်ဘောင်ထိန်းရသူများနှင့် ကျွဲနွား သမားများအတွက် တင်ပြချက်အသီးသီးနှင့် လုံခြုံရေးနှင့် အုပ်ချူပ်မှု လူကြီးများအတွက် ဖြန်ဖြေပေးမှုများ ပြုလုပ်ပေးနေလေသည်။
ပဲခူးသို့ ရောက်သောအခါ ဘိုသီဘတ်သီနှင့် လုံခြုံရေးနှင့် အုပ်ချူပ်မှုကော်မတီမှ ဗိုလ်မှုး လှမောင်၊ ခရိုင်ဝန် ဦးဘရွှေနှင့် ရဲဝန်ကြီးတို့ကို တွေ့ရ၏။
“ရေဒီထက်ကြီးလာရင်တော့ အသွားအလာအပျက်ခံပြီး မီးရထားနဲ့ကားလမ်းကို ချိုးလိုက်ရမလား။ ဒါမှမဟုတ် တာကျိုးခံပြီး ပဲခူးတမြို့လုံး ရေလွှမ်းမိုးတာ ကြည့်နေရမလား မသိတော့ဘူး´´ ဗိုလ်မှုး လှမောင်က စိုးရိမ်မှုအပြည့်နှင့် မှတ်ချက်ချလိုက်သည်။
“အမှန်တော့ အမှတ် ၃၀ နီးလာရင် ရှေးက ထုံးစံရှိတာက ဆည်မြောင်းအင်ဂျင်နီယာရယ် လမ်းအရေးပိုင်ရယ်၊ မြို့ကလူကြီးတွေရယ် အရေးတကြီး အစည်းအဝေးခေါ်ပြီး တိုင်ပင်ရတယ်၊ ပဲခူးတာကို ချိုးလိုက်ဘို့သင့်မသင့် ချင့်ချိန်ဘို့ပဲ။ မနှစ်ကလဲ ဘေးအန္တရယ်ရောက်ပြီဆိုတဲ့ အမှတ်၃၀ကို ရောက်ခဲ့ပါတယ်။ တာချိုးဘို့လုပ်ရမဲ့ အချိန်ပေါ့။ ကျနော်တို့တတွေ တိုင်ပင်ပြီး ခေါင်းကြီးကြီးနဲ့ ခဏစောင့်ကြည့်လိုက်တာ ဘာမှမဖြစ်ပဲ ရေကျသွားလို့ တော်တော်တယ်´´ ခရိုင်ဝန် ဦးဘရွှေက သူ၏ မနှစ်က အတွေ့အကြုံကို ပြန်ရှင်းပြနေလေသည်။
“ကျနော့်ကိုယ်တွေ့အရ အမှတ် ၃၀ နဲနဲကျော်တဲ့ အချိန်အထိ စိတ်ချရမယ်ထင်တယ်၊ စောင့်ကြည့်ရင် ကောင်းပါလိမ့်မယ်´´
“အေးဗျာ အရေးပိုင်ကြီး အတွေ့အကြုံပဲ အားကိုးရတော့မှာပဲ၊ ဇောင်းတူကို လှမ်းမေးစမ်းပါအုံး၊ ရေများတုံးပဲလားလို့´´ဗိုလ်မှုးလှမောင်က အညာမှပြောင်းလာသည့် တပ်မှုးဖြစ်သဖြင့် ရေတွေ ဖွေးနေသည်ကို ပင်လယ် အောက်မေ့ကာ အစိုးရိမ်ကြီးနေဟန် ရှိပါသည်။
“ဇောင်းတူမှာ ရေတော့ ကျန်သေးတယ်လို့အခုပဲ ကြေးနန်းနဲ့သတင်းပို့ပါတယ်ဗိုလ်မှုး´´ ပဲခူးလုံခြုံရေး ကော်မတီများသည်၊ ပဲခူးမြစ်၏ အထက်ဘက် ဇောင်းတူစခန်းတွင် ရေစောင့်စခန်းများ ဖွင့်၍ ပဲခူးမြို့အတွက် ရေဘေးကို တင်ကြိုသိနိုင်ရန် စီစဉ်ထားကြလေသည်။ ဤသို့ဖြင့် သူတို့တတွေလည်း နေ့မအား ညမအား ပဲခူးရေဘေးစစ်ပွဲကို ဆင်နွှဲနေကြတော့သည်။
စင်စစ်သော် “ပဲခူးနယ် ရေကြီးပြန်ပြီ´´ဟူသော သတင်းမှာ ထူးလျက်နှင့် မဆန်းတော့သလိုပင် ဖြစ်နေချေပြီ။
“ဘတို့ငယ်ငယ်တုံးကထဲက ခုထိ ပဲခူးနယ်မှာ ရေကြီးလာခဲ့တယ်၊ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီ´´ ဟု ပဲခူးသားကြီးတဦးက ငြီးတွားလိုက်ပါသေးသည်။ ကျနော်တို့တတွေမှာ ရေကြီးရာဒေသများသို့ ကိုယ်တိုင် ရောက်ခဲ့ကြသည့်အပြင် ဒုက္ခရောက်နေသော နယ်သူနယ်သားများနှင့် အစာရေစာ ပြတ်နေသည့် တိရစ္ဆာန်များကို ကြည့်၍ စိတ်ထိခိုက်လှစွာဖြင့် အရေးတကြီး ဖြစ်နေကြသလောက်၊ ပဲခူးနယ်သား ဘကြီးတစ်ဦးကမူ ခပ်ဧဧပင် ဖေါ်ပြပါအတိုင်း မှတ်ချက်ချလိုက်ခြင်း ဖြစ်ပေသည်။
ဤသို့ဆိုလျှင် ပဲခူးနယ်ရေကြီးလာခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပါပြီနည်း။ အသက်၅၀ခန့်လယ်သမား ဘကြီး၏ မှတ်ချက်ကို အကဲခတ်၍ “ဘတို့ငယ်ငယ်တုံးကထဲက´´ ဟုဆိုသဖြင့် နှစ်ပေါင်း ၁၅နှစ်၊ ၂၀နှစ်ထက်တော့ မနည်းတော့ဟု ခန့်မှန်းရသည်။
ဤနှစ်ပေါင်းများစွာ အတွင်း၌ ကျနော်တို့၏ ရှေးအထက်က ပုဂ္ဂိုလ်များသည် ရေဘေးကို ဤအတိုင်းပင် လက်ပိုက်၍ကြည့်နေခဲ့ကြပါသလော။ အဘယ့်ကြောင့် တားဆီးရန် အားမထုတ် ခဲ့ကြပါသနည်း။
ဆည်မြောင်းကို ကြည့်ရှု ထိန်းသိမ်းနေရသည့် ဘကြီးဝင်းကမူ၊ “ဦးတို့လဲ ဆည်မြောင်းဌာနအနေနဲ့ ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ ဦးတို့တတ်နိုင်တာက နဲနဲပါ၊ ရှေးကထဲက ပစ်ထားသလို ဖြစ်နေတော့ ရေနုတ်ချောင်း၊ ရေထုတ်မြောင်းတွေက ကောလာခဲ့တယ်။ ငယ်ငယ်တုံးက လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ လယ်တွေဟာ တစစနဲ့ ရေတွေဖုံးလာကြတာပါပဲ´´
“နေပါအုံး၊ ဦးက ဒီနယ်မှာ အတော်ကြာနေပြီလား´´
“ဒီနယ်မှာ ဦးအလုပ်လုပ်ခဲ့တာ နှစ် ၂၀ ကျော်လောက်ရှိပြီ၊ ပဲခူးကွင်းမှာ မရောက်ဘူးတဲ့ နေရာမရှိပါဘူး။ မောင်ရင်တို့ခေတ်မှာ ဟောဒီ ရေနဲ့ကြူတောတွေ ဖုံးနေတဲ့ ရှေးကလယ်ကြီးတွေ ပြန်ဖေါ်ပေးနိုင်ရင်တော့ လယ်သမားတွေဟာ မောင်ရင်တို့ကို ဘုရားလိုကြည်ညိုကြမှာပဲ´´
“ဒါလောက်တောင်ပဲလား ဦးရဲ့´´
“ဒါထက် ဆယ်ဆပိုပါလိမ့်မယ် မောင်ရယ်၊ ဘာလို့လဲဆိုတော့ ဟောဒီကွင်းကြီးတွေ ကြူတောနဲ့ရေဝပ်ပြီး စပါးစိုက်မရတာလောက်သာမဟုတ်ဘူး။ ဦးတို့တောကလူတွေရဲ့ လူနေမှုစနစ်လဲ သိသိသာသာကြီး ပြောင်းလဲခဲ့တယ်´´
“ရှင်းပါအုံး ဦးရဲ့´´
“ဒီလိုလေ၊ ဗမာတောသားဟာ လယ်သမားပဲဆိုတာ စာဆိုလိုရှိနေခဲ့တယ်၊ ဟောဒီကွင်းက ရွာသားလူများစုဟာ လယ်သမားတွေပဲ၊ လယ်ကွက်တွေ ရေမြုပ်ကုန်တော့ ကွင်းထဲက ရွာသားတွေ သူတို့အားနဲ့ အမျိုးမျိုးကြိုးစားပြီး ကာကွယ်ကြတယ်။ ရေထဲမှာ စပါးစိုက်လို့ရအောင်လဲ လုပ်ကြပါရဲ့၊ ရေကသာနိုင်လာတယ်။ လူက မလိုက်နိုင်တော့ဘူး။ ဒါနဲ့ပဲ စပါးစိုက်ဘို့ လက်လျှော့လိုက်ကြရတယ်။ အငတ်မခံနိုင်တော့လဲ လယ်သမားဘဝက ကင်းသမား၊ တံငါတွေ ဖြစ်ကုန်ကြတာပေါ့။ တချို့လဲ ငါးမလုပ်ချင်လို့ရွာက ပြောင်းကုန်ကြတယ်။ တချို့လဲ ကူလီအလုပ်သမားဖြစ်ကုန်ကြတာပေါ့လေ။ ဦး အရွယ်ကောင်းတုန်းက ရွာစဉ်ရှောက်ပြီး လှည့်လိုက်ရင် အားရစရာ ပျော်စရာချည်းပေါ့၊ လယ်ကွင်းတွေက စိမ်းလို့၊ ဟော တဖြေးဖြေးနဲ့ရွာတွေလဲ ပျက်လာကုန်ပြီ၊ နောက်ပြီး ဦးတို့က ဆည်မြောင်းဘက်ကမဟုတ်လား၊ အရင်ကဆိုရင် ဦးတို့ ဆည်မြောင်းဘက်ကလူတွေဟာ တောမှာ မျက်နှာအပွင့်ဆုံးပေါ့၊၊ အင်္ဂလိပ်ခေတ်တုံးကဆိုရင် ရေဗိုလ်၊ ဆည်ဗိုလ်နဲ့ဦးတို့တတွေကို ဖူးဖူးမှုတ် ထားကြတယ်၊ နောက် ဦးတို့ဆည်မြောင်းက ရေမနုတ်နိုင်တော့ တဖြည်းဖြည်း အယုံအကြည် ကင်းမဲ့လာကုန်ကြပြီး၊ ဦးတို့ကို လယ်သမားတွေက စကားတောင် တယ်မပြောချင်တော့ဘူး´´
“လွတ်လပ်ရေးရပြီး ဒီဘက်မှာ ဆည်သစ်တွေ တူးပြီး ရေမထုတ်ပစ်ဘူးလား´´
“ အင်း ဦးမှတ်မိသလောက် ကြီးကြီးမားမား လုပ်နိုင်တာ မရှိပါဘူးကွယ်၊ ဖြစ်ကတတ်ဆန်းသာသာပါပဲ၊ နောက်ပြီး ရေမြောင်း ဆည်မြောင်းဖေါက်ဘို့ တာတမံ တုတ်လို့ ပြည်တော်သာအနေနဲ့ ငွေရတယ်လို့သိရတယ်၊ ဦးတို့ဌာနကတော့ အထက်ကို ဘယ်လောက် အစီရင်ခံနေပေမဲ့ အရေးမယူခဲ့ပါဘူး။ ပြည်တော်သာလုပ်ငန်းဆိုတာလဲ ဦးသိရသလောက် နှစ်တိုင်းကြီးလာတဲ့ ရေနဲ့အတူ မြောကုန်ကြပါပြီ´´
“ရေကြီးလာရတဲ့ အကြောင်း ဦးအမြင် ပြောပြစမ်းပါအုံး´´
“ ဦးတွက်ချက်လို့ရသလောက်ကတော့ အချက်တွေ အများကြီး ရှိပါတယ်။ ပဌမအချက်ပြောရရင် စစ်တောင်းမြစ် ကိစ္စပဲ၊ ရွာကလူတွေလဲ ပြောကြတယ်၊ ဟောဟို စစ်တောင်းတံတားကြီး ဖေါက်လိုက်ကထဲက စစ်တောင်းဝမှာပိတ်ပြီး ရေက ပင်လယ်ကို ကောင်းကောင်းမစီးချင်တော့ဘူး၊ စစ်အတွင်း တံတားကြီး ပျက်ကြသွားပြန်တော့ ပိုပြီး ပိတ်သွားတယ်၊ ပင်လယ်ဘက် စီးရမဲ့ ရေဟာ ပဲခူးကွင်းဘက်ကို လျှံတက်လာတော့တယ်´´
“ဒီလိုဆိုရင် ရေကာတာတွေ မလုပ်ဘူးလား´´
“ဦး သိရသလောက်တော့ စစ်တောင်းဘက်မှာ ကြီးကြီးကျယ်ကျယ်လုပ်တာ မတွေ့ရဘူး ဟိုတောင်ဘက် နယ်သစ်ဖွင့် ပင်လယ်ကမ်းစပ်မှာတော့ ရေငံရေတွေ မတက်အောင် လယ်စိုက်နိုင်ဘို့ မြေ-ကျေး-ရှင်းက ရေကာတာကြီးတခုလုပ်တာသိရတယ်။ ရေတွေက ပဲခူးကွင်းထဲမှာ ဒယ်အိုးလို ဖြစ်နေတယ်။ တဖြည်းဖြည်း ထွက်လို့မရတော့ဘူး အိုင်နေပြီ။ အင်္ဂလိပ်လက်ထက်တုံးက စစ်တောင်း ပဲခူး တူးမြောင်းတူးထားတာ ရှိတယ်၊ စစ်တောင်းက ချလာတဲ့ သစ်တွေ မျှောဘို့အဓိကထားပြီး တူးထားတာ၊ နွေကျရင် ရေမလောက်လို့တောင် `မိုးရင်းကြီး´အင်းဆိုပြီး (လက်ရှိ မိုးယွန်းကြီး ဘေးးမဲ့တော) ရေလှောင်ကန် ကြီးကြီး တစ်ခုတူးပြီး ရေလိုရင် ထုတ်ပေးဘို့လုပ်ထားရသေးတယ်´´
“အခုတော့ ဘာဖြစ်သွားလို့လဲ´´
“အခုဒီတူးမြောင်းက ရေနုတ်လို့မနိုင်တော့ဘူး။ နောက်ပြီး ပဲခူးရိုးမက ကျလာတဲ့ ချောင်းတွေကလဲ အတော်ဆိုးတယ်။ ခြောက်သွေ့တဲ့အချိန်ကြည့်ရင်တော့ မခုတ်တတ်သလိုပဲ တောင်ပေါ်မှာ မိုးကလေးညိုရင်တော့ ချက်ခြင်းပဲ ရေကျသန်ပြီး တဝုန်းဝုန်း ဖြစ်ကုန်ကျတော့တာပဲ၊ ဒီနှစ်ရေကြီးတယ်ဆိုရင်ပဲ ခုတ်ထားတဲ့ သစ်လုံးတွေ တားမရ ဆီးမရ ကျလာလိုက်တာ တံတားတွေပျက်၊ ရေကာတာတွေပျက် ဖြစ်ကုန်ကျတော့တာပေါ့´´
ဟုတ်ပါသည်။ ပဲခူးနယ်၊ ပျဉ်းမနား၊တောင်ငူနယ်၊ ဟံသာဝတီနယ်ဟူသော စစ်တောင်းမြစ်ကို မှီး၍ နေကြသော ခရိုင်များရှိကြ၏။ အကြမ်းအားဖြင့် ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ကြား မြေပြန့်တည်ရှိ၏။ မြေသြဇာကောင်း၍ စပါးထွက်ကောင်းသည့် မြေပြန့်ဖြစ်သည်။ စစ်တောင်းမြစ် မြစ်ဖျားခံရာနေရာမှ မဝေးလှ၊ ပျဉ်းမနားနယ် အတွင်းသာ ဖြစ်၏။ သို့သော် စစ်တောင်းမြစ်ကို စီးဝင်လာသည့် မြစ်လက်တက်များသည် ခိုင်မာသည့် တောတောင်ကျောကို မြစ်ဖျားခံကြသဖြင့် မိုးရွာလျှင် ရေအပြည့် စုံဆင်းလာကြတော့သည်။ စစ်တောင်းမြစ်အဖြစ် ပေါက်ဖွားရန်အတွက် ပျဉ်းမနားနယ်တွင် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့သည် စတင်တွေ့ဆုံခဲ့ကြခြင်းဖြစ်၏။ တောင်ငူခရိုင်သို့ ရောက်သောအခါ ရေအားကောင်းလှသည့် ကဘောင်းချောင်း (ခပေါင်း) မုန်းချောင်း၊ ဖြူးချောင်း၊ ကွန်းချောင်း၊ အိုင်ဒုံချောင်းတို့သည် လာရောက်ပေါင်းကြ၏။ ပဲခူးနယ်ဘက်သို့ခရီးဆက်ပြန်သောအခါ နံမည်ကြီးသည့် ဘိုင်းဒါးနှင့် ရဲနွယ်ညီနောင်တို့က ဝင်ရောက်လာပြန်၏။ ရွှေကျင်ချောင်းကလည်း အနောက်ဘက်မှ ဝင်ရောက်လာသည်။ ထို့အပြင် ဒိုက်ဦးတဝိုက်တွင် လယ်ချောင်းကလေးများ ဖျာထွက်နေသလို ပဲခူးရိုးမမှ စီးဆင်းလာကြသည့် တကောင်းချောင်း၊ ကောလိမ်ချောင်း (ကောလိယ)၊ ကဒုတ်ချောင်း၊ ဘောနီချောင်း၊ ပနွယ်ချောင်း စသည့် ချောင်းကလေးများကလည်း မိုးညို့လိုက်သည်နှင့် ရေလုံးကြီးစွာဖြင့် ပဲခူးကွင်းနှင့် စစ်တောင်းမြစ်ရေအားကို တိုးပွားကြပြန်တော့သည်။
အချူပ်အားဖြင့်ဆိုလျှင် စစ်တောင်းမြစ်ရေသည် ပင်လယ်ဝဘက်သို့ကောင်းစွာမစီးဆင်းတော့သဖြင့် မြစ်လက်တက် များလှသည့် စစ်တောင်းသည် ပဲခူးကွင်းဘက်သို့ ဖြန့်၍ ထွက်ပေါက်ရှာရသည်။ ပို၍ဆိုးသည်ကား ပဲခူးရိုးမမှ စီးဆင်းလာသည့် ချောင်းများပင်ဖြစ်သည်။ ၎င်းချောင်းများကို ထိန်းနိုင်မှလည်း ပဲခူးနယ်တွင်း ရေကြီးမှုကို ကာကွယ်နိုင်ပေလိမ့်မည်။
ကားလမ်း၊ မီးရထားလမ်း၊ တံတားများနှင့် ရေလွှဲပေါက်ပြုလုပ်သည့် စီစဉ်မှုတွင် သေချာစွာ စီစစ်ညှိနှိုင်း ပြုပြင်ရန် အချက်များလည်း ရှိနေပါသေးသည်။ ဒိုက်ဦးနယ်ကိုဖြတ်၍ ဆင်းလာသည့် ချောင်းများကြောင့် မြစ်ကျိုးနှင့် ဖေါင်တော်သီကြားတွင် ကြီးမားလှသည့် ရေဝပ်သော “လာပင်´´ ကိုင်းတောကြီး ဖြစ်နေချေပြီ။
ဘကြီးဝင်း၏ ပြောကြားချက်တခုတွင် ရွာသားများသည် လွတ်လပ်ရေး ရပြီးသည့်နောက်၌ စောင့်စည်းအပ်သော စည်းကမ်းများ မစောင့်စည်းကြတော့ပဲ လွတ်လွတ်လပ်လပ် လုပ်ချင်ကိုင်ချင်ပုံကို ဖေါ်ပြသွားလေသည်။ ဆည်မြောင်းဌာနအနေနှင့် ပဲခူးရိုးမမှဆင်းလာသော ချောင်းများကို တတ်အားသမျှ တာတမံတုတ်ပေးသော်လည်း လယ်သမားများက မကြာခဏ တာကို ဖေါက်တတ်ပြီး ရေခိုးကြသဖြင့် ဖေါက်စက မကြီးမားသော်လည်း ရုတ်တရက်ရေကျလာသောအခါ တာရိုးကြီးတခုလုံး ကျိုးတတ်ပုံကို ရှင်းပြသွားလေသည်။
ပဲခူးကွင်း ရေကြီးသည့် အကြောင်းရင်းများကို စုံစမ်းရသ၍ ဤမျှသာ ဖြစ်၏။ ပဲခူးမြို့ရေကြီးမှုတွင် အခြားကြီးမားသည့် အကြောင်းတခုမှာ ပဲခူးမြစ်ဖြစ်၏။ ပဲခူးမြစ်သည် မထိန်းနိုင်ပဲ ရေလျှံတတ်သည်။ ပဲခူးမြို့အတွင်း ရေမဝင်ရန် ထိန်းထားခဲ့သော ချောင်းမြောင်းများလည်း ကော၍ နေပါပြီ၊ အကြမ်းအားဖြင့် ခြုံကြည့်လိုက်သော် စစ်အတွင်းမှစ၍ ယခုအထိ သဘာဝအားဖြင့် ချောင်းမြောင်းပေါလှသည့် ပဲခူးနယ်နှင့် တောင်ငူနယ်ရှိ ဆည်မြောင်း၊ တာတမံများ၊ မြစ်ထိန်းသိမ်းမှု လုပ်ငန်းများမှာ အဆက်ဆက် လုပ်သင့်လုပ်ထိုက်သည့် တိုးချဲ့မှု အားပေးမှုများ လုံးဝမရှိသလောက်ပင် ဖြစ်နေသည်။ ဤတာဝန်များကို သာမာန်လောက်သာ သဘောထားခဲ့ကြသည်။ ရွာသားများကလည်း စည်းကမ်း ပျက်သင့်သလောက် ပျက်ကြ၏။ ထိန်းသိမ်းမှုဘက်ကလည်း ဝန်နှင့် အားမျှပုံမပေါ်၊ ဆည်မြောင်းတာတမံ အရေးအခင်း အလေးပေးမှုကို အစိုးရ အဆက်ဆက်၌ ရရှိခဲ့ဟန်မတူ၊ ထို့ကြောင့် နှစ်ပေါင်းကြာလာသောအခါ၊ ဤရေကြီးခြင်း အဖြေသာ ထွက်လာခဲ့ခြင်း ဖြစ်ပေတော့သည်။
နှစ်စဉ် ဆုံးရှုံးမှုကို အမှတ်တမဲ့ မနေပဲ ပြန်လည်ဆန်းစစ်ကြည့်ရသော်၊ ပြီးခဲ့သည့် ၁၉၆၁ ခုနှစ်၊ ရေဘေး အကြီးအကျယ် ဆိုက်ရောက်စဉ်က၊ ပဲခူးနယ် တခုတည်းတွင် xxx
ကျေးရွာပေါင်း ၇၅ ရွာ
အိမ်ထောင်ပေါင်း ၂၃၅၃၃ အိမ်ထောင်
လူဦးရေ ၁၀၂၆၆၀ တို့သည် အတိဒုက္ခတွေ့ခဲ့ကြ၏။
ရေမြုပ်သော လယ်ဧကပေါင်း ၁၂၉၃၀၀ ဧကဖြစ်ရာ ပျက်စီးသည့် လယ်ပေါင်း ၆၃၀၀၀ ဧကဖြစ်ကြ၏။ ဗဟိုကယ်ဆယ်ရေးအဖြစ် ငွေပေါင်း ၁၅၀၅၇၆ကျပ် ကုန်ကျခဲ့၍၊ နွားဝယ်ရန် ၁၅၀၁၇၄ကျပ် ထုတ်ပေးခဲ့ရသည်။ (ခန့်မှန်း ထိုအချိန်က ၁၀ပြားလျှင် ယခု ကျပ် ၂၀၀ခန့်ရှိသည်၊ တကျပ်လျှင် ကျပ်၂ထောင်၊ ထို့ကြောင့် ငွေ တသိန်းခွဲသည် ကျပ် သိန်း၃ထောင်ဖြစ်ပါသည်။)
အစိုးရ ကယ်ဆယ်ရေးဌာနမှ ဆန်ဝေငှရာ ငွေပေါင်း ၆၅၅၀၀ ကျပ် ကုန်ကျခဲ့သည်။
တောင်ငူခရိုင်တွင်
ကျေးရွာပေါင်း ၇၇ရွာ
အိမ်ထောင် ၁၁၂၁၈
လူဦးရေ ၆၄၁၂၃ ဒုက္ခရောက်ခဲ့ကြသည်။
လယ်ဧက ၃၀၀၀၂ ရေမြုပ်ရာ ၁၂၀၀၀ ပျက်စီးကြသည်။
ဗဟိုကယ်ဆယ်ရေးမှ ၉၈၁၂၇ကျပ်၊ အစိုးရမှ ၁၃၀၅၀ကျပ် ထုတ်ပေးခဲ့ရလေသည်။
ဖေါ်ပြပါ အပျက်အစီးများမှာ မျက်မြင် အပျက်အစီးစာရင်းသာဖြစ်၏။ စပါးမစိုက်နိုင်သဖြင့် တိုင်းပြည်၏ ဝင်ငွေ ဆုံးရှုံးမှု စာရင်း မပါရှိသေးချေ။
မြန်မာပြည်တွင် စစ်မဖြစ်မှီက စိုက်ပျိုးနိုင်သော ဧကပေါင်းမှာ ၁၉၄၀-၄၁ စာရင်းအရ၊ ကြေးတိုင်စိုက်ပြီး ဧကပေါင်း ၁၆၄၄၉၇၃၃ (ဆယ့်ခြောက်သန်းကျော်) ဧကဖြစ်၏။ ကြေးတိုင်မစိုက်ရသော ခန့်မှန်းနယ်မြေပေါင်းမှာ ၁၁၁၁၀၁၉ ဧကဖြစ်ရာ၊ စုစုပေါင်း စိုက်ပျိုးနိုင်သည့် ဧကပေါင်း ၁၇၅၆၀၇၅၂ အကြမ်းအားဖြင့် ၁၇သန်းခွဲ ဖြစ်ပါသည်။
စစ်တောင်းမြစ်ကိုအားပြုနေသည့် တောင်ငူခရိုင်၊ ရမည်းသင်းနှင့် ပဲခူးခရိုင်၏ စပါးစိုက်ဧရိယာ အခြေအနေမှာ
၁၉၃၈-၃၉နှစ်
ပဲခူးခရိုင် ၁၀၃၁၉၂၄ ဧက
တောင်ငူ ၄၅၈၇၅၃
ရမည်းသင်း ၂၅၉၇၄၃
ဟံသာဝတီ ၈၂၈၃၅၉
စုစုပေါင်း ၂၅၇၈၇၇၉
၁၉၆၁-၆၂ခုနှစ်
ပဲခူး ၈၅၅၀၈၈
တောင်ငူ ၃၄၄၅၆၁
ရမည်းသင်း ၂၄၁၈၁၈
ဟံသာဝတီ ၇၅၅၅၃၉
စုစုပေါင်း ၂၁၉၇၀၀၆ တို့ဖြစ်ကြသည်။
အကြမ်းအားဖြင့် စစ်တမ်းထုတ်ကြည့်လိုက်လျှင်
စစ်မဖြစ်ခင်က စစ်တောင်းနှင့် ပဲခူးရိုးမမှ ဆင်းလာသည့် ချောင်းများ မြစ်များကို မှီး၍စပါး စိုက်ပျိုးခဲ့သည့် ဧကပေါင်းမှာ ၂၅သိန်းကျော် ရှိခဲ့ရာ၊ ယခု စစ်ပြီး ၁၉၆၁-၆၂ ခုနှစ် စာရင်းအရ ၂၁သိန်းသာ စပါးစိုက်ခဲ့သဖြင့် စပါးစိုက် ဧကပေါင်း ၄သိန်းကျော် ပျက်စီးခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်ပေသည်။
မြန်မာပြည် တပြည်လုံးတွင် စိုက်ပျိုး၍ ရသည့် ဧကပေါင်းကို အထက်တွင် ၁၇သန်းခွဲရှိကြောင်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ၎င်းစိုက်ပျိုးသည့် ဧရိယာအနက်မှ ထပ်မံ၍ စပါးစိုက် ဧရိယာကို ခွဲထုတ် ကြည့်လိုက်လျှင် ၁၉၃၈-၃၉ ခုနှစ်တွင် ပြည်နယ်များမပါ ပြည်မရှိ စပါးစိုက် ဧရိယာ ၁၂၃၈၁၃၇၂ဧက ခန့်မှန်းခြေ ပျမ်းမျှ ၁၂သန်းကျော်ရှိ၍၊ ၁၉၆၁-၆၂ ခုနှစ်တွင် ပြည်နယ်များမပါ ပြည်မစပါးစိုက် ဧရိယာမှာ ၁၀၄၈၆၂၈၄ ဧက၊ အကြမ်းအားဖြင့် ၁၀သန်းကျော် ဖြစ်လေသည်။ ထို့ကြောင့် စစ်မဖြစ်ခင် စံချိန့်မှီ၇န် ဧက၂သန်းပျက်စီးနေလေသည်။ ၎င်းအနက် အထက်ဖေါ်ပြပါအတိုင်း စစ်တောင်းနှင့် ပဲခူးနယ်တွင် ၄သိန်းကျော်ရှိသဖြင့် ဗမာပြည်၏ လယ်ဧကပေါင်း ငါးပုံတပုံအထိ ပဲခူးနယ်တွင် ယုတ်လျော့လျက် ရှိကြောင်း ပေါ်ထွက်လာမည်ဖြစ်သည်။
ထို့ကြောင့် ပဲခူးနယ် ရေကြီးခြင်းက စံနစ်တကျ ကာကွယ်ရမည်ဆိုခြင်းမှာ တိုင်းပြည်၏ ဆုံးရှုံးနေသော လယ်ဧကပေါင်း ၄သိန်းကို ပြန်လည်ဖေါ်ထုတ်ပေးခြင်းနှင့် ညီမျှလျက် ရှိလေသည်။
တော်လှန်ရေး အစိုးရ၏ တာဝန်ကား ကြီးမားလှ၏။ လယ်ယာစိုက်ပျိုုးသော တိုင်းပြည်ဖြစ်သဖြင့် လယ်သမားနှင့် စိုက်ပျိုးရေးကို ဦးစားပေးရန်လည်း ကျေညာပြီးဖြစ်၏။ လက်ရှိ နှုန်းထားအတိုင်း လုပ်ကိုင်နေလျှင် စစ်မဖြစ်မှီ စံချိန်ကို ရောက်ရန် ခရုသွား သွားနေခြင်းသာ ဖြစ်ပေလိမ့်မည်။ လွတ်လပ်ရေးရပြီး ၁၄နှစ်ကျော်ကြာလေပြီ။ တနှစ်တနှစ် လယ်ဧကတက်မလာသည့်အပြင်၊ ပဲခူးနယ်တွင် တဖြည်းဖြည်းသာ ဆုတ်ယုတ်လျက်လာနေ၏။ တော်လှန်ရေးတရပ် စစ်ဆင်ရေး တခုကဲ့သို့ မဆောင်ရွက်ပါလျင် စစ်မဖြစ်မှီၤ စံချိန်ကို မှီနိုင်တော့မည်မဟုတ်ဟု လေးနက်စွာ ယုံကြည်မိ၏။
ပဲခူးရေကြီးခြင်းနှင့်ဆက်စပ်၍ ရေတွက်၍ရသော ဆုံးရှုံးမှုများတွင် ဤအကြောင်းအရာများကို ထည့်တွက်ခြင်း မပြုခဲ့ကြပေ။ ထို့ကြောင့် တော်လှန်ရေး အစိုးရသည် ဤခေတ်တွင် လူလာဖြစ်ရသည်ဟု ဆိုရမည်ကဲသို့ တာဝန်ကြီးလှပါသည်ဟု မှတ်ချက်ချလိုက်ရခြင်း ဖြစ်ပါသည်။
တရုပ်ပြည်ကြီးတွင် မြစ်ဝါမြစ်ကို ထိန်းသိမ်းသည့် စီမံကိန်းကို ကျနော်တို့တတွေ တအံ့တသြ ဖတ်လိုက်ရ၏။ တွေ့လည်းတွေ့ခဲ့ရသည်။ ယခင်အစိုးရကလည်း ချင်းတွင်းမြစ်ကို ထိန်းသိမ်းရန် ပါရဂူများနှင့် တိုင်းထွာလေ့လာခဲ့သည့် သတင်းကို ကြားခဲ့ကြရသည်။ ကုဋေ ၂၀၀ ကုန်မည့် စီမံကိန်းဟူ၍လည်း သိလိုက်ရသည်။
စစ်တောင်းမြစ်မှာ မြစ်အရှည် အလွန်တိုတောင်းပြီး ချင်းတွင်းနှင့်စာလျှင် သေးငယ်လှပါသည်။ ပဲခူးမှ စီးဆင်းလာသော မြစ်များ၊ ချောင်းများကိုလည်း မဝေးကွာလှသော ခရီးတွင် ရေတွက်၍ ၇နိုင်သော အခြေတွင် ရှိကြသည်။ အကယ်၍ ဤစစ်တောင်းမြစ်နှင့် ပဲခူးရိုးမမှ မြစ်ကလေးများကို ကျနောတို့ခေတ်တွင် စံနစ်တကျ ထိန်းထားနိုင်လျှင် ဧကပေါင်း ၂၅သိန်းကျော်သည် စစ်မဖြစ်ခင်ကအတိုင်း စပါး စိုက်ပျိုး လာနိုင်မည် ဖြစ်လေသည်။
ထို့အပြင် ရေကို ထိန်းနိုင်သည်ဆိုသည်နှင့် မိုးတွင်းတွင် ယခုစံနစ်အတိုင်း စပါးစိုက်၍ ဆောင်းနှင့် နွေတွင် ထိန်းသိမ်းထားမည့် ဆည်မြောင်းတာတမံမှ ရေကို ကြိုက်သလို အသုံးပြုနိုင်မည် ဆိုပါက ဧကပေါင်း ၂၅သိန်းအနက် အောက်ထစ် တဝက်ခန့်သည် နှစ်သီးစား၊ သုံးသီးစားသို့ လွယ်လွယ်နှင့် တက်လှမ်းနိုင်မည် ဖြစ်ပါသည်။ နှစ်စဉ် တိုက်ချလာသော အဘိုးတန် မြေသြဇာများကိုလည်း ပဲခူးပြန့်တွင် အသုံးချကြရမည် ဖြစ်ပါသည်။
ဤကား ကျနော်၏ ဈေးတွက်မျှသာ ဖြစ်၏။ မှားချင် မှားပေမည်။ သို့သော် ကျနော်တို့သည် ယခုကဲ့သို့ခေတ်သစ် လယ်ယာစံနစ်ကို တိုးတက်နေသော အခြားတိုင်းပြည်များနှင့် စာလျှင် (ဝါ) အီဂျစ်မှ ကာဆွမ်ရေကာတာ၊ မဲခေါင်စီမံကိန်း၊ မြစ်ဝါမြစ် ထိန်းသိမ်းခြင်း စီမံကိန်းတို့နှင့်စာလျှင် မကြီးကျယ်လှသော ပဲခူးနှင့် စစ်တောင်းစီမံကိန်းက အကောင်အထည်ဖေါ်နိုင်ရန် မဖြစ်နိုင်စရာ မရှိဟု ယုံကြည်မိပါကြောင်း။
ထို့ကြောင့် ပဲခူးရေကြီးသည့် ဝမ်းနည်းဘွယ် အဖြစ်မှ ခေတ်သစ်လယ်ယာစံနစ်သို့ ရှေးရှုနိုင်ရန် တော်လှန်ရေး အစိုးရက ပမာဏ စီစဉ်နေပြီဟူသော သတင်းကောင်းကို ကျနော်တို့သည် ပဲခူးနယ်မှ လယ်သမားကြီးများအား တဆင့် ပြောကြားရမည်ဖြစ်ပါသည်။
မုတ်သုန်လေမှာ အားကောင်းဆဲ ဖြစ်၍ ဘင်္ဂလား ပင်လယ်အော်တွင် လေပွေလှိုင်းတခုမှာ မြောက်ဘက်သို့ရွေ့လျားဆဲ ဖြစ်၏။ ကျနော်တို့ပဲခူးမှ ပြန်လာသောအခါ မိုးမင်းသည် အငြိုးကြီးနှင့် သဲသဲမဲမဲ ရွာသွန်းနေဆဲ ဖြစ်ပါသတည်း။
ဗိုလ်မှုးသမိန်
(ယုံကြည်တဲ့အတိုင်း လုပ်ကြတဲ့ ခေတ်က). ရှေ့သို့စာစောင်