မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)
Credit : Kyazoo.com / ON BY UKYAWOOIN WATER. မှ ရယူ ဖြန့်ဝေပါသည် ။
၁။ စကားဦး
ရန်ကုန်မြို့တွင် မြေအောက်ရေကို မြန်မာမင်းလက်ထက်က စတင် သုံးစွဲခဲ့ကြသည်။ အင်္ဂလိပ် လက်ထက်တွင်လည်း ဆက်လက် သုံးစွဲလာခဲ့သည်မှာ ယနေ့ထိ ဖြစ်၏။ တိုးချဲ့မြို့သစ်များ အပါအဝင် မြို့နယ်အများစုတွင် မိမိပိုင် စက်ရေတွင်းများ တူးဖော်သုံးစွဲလျက် ရှိပါသည်။ ရန်ကုန်မြို့တော်စည်ပင်က ရာနှုန်းပြည့် ဖြန့်ဝေနိုင်ခြင်း မရှိသေးပါ။ မြေအောက်ရေကို စက်ရေတွင်း (အရပ်အခေါ် – အဝိစီတွင်း) များ တူးဖော်၍ ဆက်လက်သုံးစွဲနေရဦးမည်။
၂။ မြေအောက်ရေ
မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်အောက်တွင် မြေလွှာ (သဲ၊ ကျောက်စရစ်၊ သဲဆန်သောမြေ) (Sand, Gravel, Sandy soil) စသည်တို့အတွင်း၌သော် လည်းကောင်း၊ ကျောက်လွှာကြား (Fractures / Rocks) များအတွင်း၌ သော်လည်းကောင်း စိမ့်ဝင်ခိုအောင်းနေသောရေ ဖြစ်ပါသည်။ ရေများ ထုတ်ယူရရှိနိုင်သည့် အလွှာကို မြေအောက်
ရေအောင်းလွှာ (Water Bearing Layer / Aquifer) ဟုခေါ်ပါသည်။ ထိုရေအောင်းလွှာသည် မြေမျက်နှာသွင်ပြင် (Topography)၊ ပထဝီအနေအထား (Geography)၊ ဘူမိဗေဒ(Geology)၊ ဇလဘူမိဗေဒ (Hydrogeology) အနေအထား
အလိုက် အတိမ်အနက်၊ အရွယ်အစားပမာဏ၊ အမျိုးအစား အများအပြား ကွဲပြားခြားနားပါသည်။ မြေအောက်ရေ မျက်နှာပြင်(Groundwater Table)အနီးအဝေးသည်လည်း မြေအောက် ရေအောင်းလွှာ အတိမ်အနက်နှင့် ရေအောင်းလွှာ အမျိုးအစား (Type of aquifer) ပေါ် မူတည်ပါသည်။
၃။ မြေအောက်ရေ လည်ပတ်ပုံ
မိုးရေများ မြစ်ချောင်းအင်းအိုင်သို့ စီးဝင်သကဲ့သို့ မြေအောက်သို့လည်း မြေလွှာမှ တဆင့် စိမ့်ဝင်စီးဆင်းခြင်းဖြင့် မြေအောက်ရေကို အဓိက ပြန်လည်ဖြည့်တင်းပေး၏။ ထိုကဲ့သို့ စိမ့်ဝင်စီးဆင်းသော နေရာဒေသ၊ ရပ်ဝန်းကို မြေအောက်ရေ ဖြည့်တင်းသည့် ရပ်ဝန်းများ (Recharge Areas) ဟု ခေါ်၏။ အချို့နေရာ ဒေသများတွင် မြေမျက်နှာသွင်ပြင်၊ ပထဝီ အနေအထား၊ ဘူမိဗေဒ၊ ဇလဘူမိ အနေအထားများအရ မြစ်ချောင်းအင်းအိုင်များမှ တဆင့် ပြန်လည်ဖြည့်တင်းပေးသည်များ ရှိပါသည်။ ထိုသို့ ပြန်လည် ဖြည့်တင်းပေးခြင်းကို (Artificial Recharge)ဟု ခေါ်ဆိုပါသည်။ (ဥပမာ၊ ရန်ကုန်မြို့တွင် အင်းယားကန်မှ စိမ့်ရေကို ပြည်လမ်းမကြီး၏ အနောက်ဘက်ခြမ်းရှိ လှိုင်မြို့နယ်အတွင်းရှိ စက်ရေတွင်းများက မြေအောက် ဖြည့်တင်းရေအဖြစ် လက်ခံရရှိ၏။) မြေအောက်ရေက တဖန် မြေပေါ်သို့ ပြန်လည် စီးထွက်လာသော နေရာရပ်ဝန်း (မြစ်ချောင်းအင်းအိုင်)ကို မြေအောက်ရေ စီးထွက်ရာ ရပ်ဝန်းများ (Discharge Areas) ဟု ခေါ်ပါသည်။
စက်ရေတွင်းများမှ စက်အားဖြင့် ရေထုတ်ယူခြင်းကို သဘာဝအလျောက် မဟုတ်သောမြေအောက်ရေထုတ်ယူခြင်း (Artificial Points of Discharge for Groundwater)ဟု ခေါ်ပါသည်။
၄။ မြေအောက်ရေ၏ ကျန်းမာရေးအခြေခံ လမ်းညွှန်
(၁) အရောင်အဆင်း အနည်အနှစ် အနံ့အရသာကို ဖြစ်စေသော ရုပ်ဝတ္တုများ ကင်းစင်စေခြင်း
(၂) လူတို့၏ စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေသော ဓာတ်ပစ္စည်းများကင်းစင်စေခြင်း
(၃) လူတို့အား ရောဂါရစေသော ပိုးမွှားများ ကင်းစင်စေခြင်း စသည့် အရည်အချင်း သုံးရပ်နှင့် ပြည့်စုံသော ရေကို ရေကောင်းရေသန့်ဟု ခေါ်ပါသည်။
ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO)က သောက်သုံးရေ အရည်အသွေး အဆင့်အတန်း (Drinking Water Quality Standard)တစ်ခု သတ်မှတ်ထားရှိပါသည်။ (မြန်မာနိုင်ငံတွင် ရေအရည်အသွေး သတ်မှတ်ချက်စံစနစ် တစ်ခုကို အကြံပေး ပညာရှင်အဖွဲ့) အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ) က အတည်ပြု သတ်မှတ်ထားပြီး ဖြစ်ပါသည်။
၅။ ရန်ကုန်မြို့၏ ရာသီဥတု၊ မြို့ပြ အကျယ်အဝန်း၊ လူဦးရေနှင့် စက်မှုဇုန်များ
ပူအိုက်စွတ်စိုသော မုတ်သုန်ရာသီဥတု ဖြစ်ပါသည်။ အပူဆုံးလမှာ ဧပြီဖြစ်ပြီး မိုးအများဆုံးလမှာ သြဂုတ်လ ဖြစ်ပါသည်။ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံး အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ ပျမ်းမျှ မိုးရေချိန်မှာ တနှစ် လက်မ ၁၀၀ ခန့် ဖြစ်ပါသည်။ ရေငွေ့ပြန်နှုန်းမှာ ဧကပေ ဝ . ၃၈ သန်းကျော် ရှိခဲ့၏ ။ ယနေ့ ရာသီဥတု ဖောက်ပြန် ပြောင်းလွဲမှုများကြောင့် ပိုမိုမည်သာ ဖြစ်ပေသည်။
၁၉၅၃ ခုနှစ်က လူဦးရေ ဝ.၇၃ သန်း၊ နှစ် ၅၀ အကြာ ၂၀၀၃ ခုနှစ်၌ ၄ . ၁၀ သန်း၊ ယနေ့ (၂၀၁၆) ခုနှစ်အထိ လူဦးရေ ၆ သန်းခန့် ရှိပါ၏။
ဧရိယာအကျယ်အဝန်းမှာ ၁၉၅၃ ခုနှစ်က ၄၇ . ၅၇ စတုရန်းမိုင်မှသည် ယနေ့ ၃၀၆ စတုရန်းမိုင်ခန့်ဖြစ်ပြီး မြို့နယ်ပေါင်း ၃၄ မြို့နယ် ပါဝင်ပါသည်။
မဟာရန်ကုန် နယ်နိမိတ်အတွင်း ၁၉၈၈ ခုနှစ် နောက်ပိုင်းက စ၍ ယနေ့အထိစက်မှုဇုန်ပေါင်း ၂၉ ဇုံတွင် စက်ရုံ အလုပ်ရုံပေါင်း ၆၀၀၀ ကျော်သည် တိုးချဲ့မြို့သစ်များအတွင်း၊ ပဲခူးမြစ်ကမ်းဘေး၊ ငမိုးရိပ်ချောင်း (ဘေး၊ ဘယ်ညာ)၊ လှိုင်မြစ် (အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်း)နှင့် လှိုင် ပန်းလှိုင် မြစ်ဆုံရပ်ဝန်း ဒေသများတွင် တည်ရှိပါသည်။
မြို့တော် စည်ပင်သာယာရေး ကော်မတီက မကြာမီ ကာလအတွင်း စတုရန်းမိုင် ၁၀၀ ကျော်ကို လက်ရှိ ရန်ကုန်နယ်မြေ၏ တောင်ဘက်နှင့် အနောက်ဘက် အရပ်ဒေသများတွင် ထပ်မံတိုးချဲ့ရန် အစီစဉ် ရှိပါသည်။ ထိုအခါ ကြီးမားကျယ်ပြန့်သော ရန်ကုန်မြို့တော် (MegaCity) (လူဦးရေ ဆယ်သန်းကျော်နှင့် စက်မှု၊ စီးပွားရေးဇုန်များ အပါအဝင်) သည် ဧရိယာ စတုရန်းမိုင်ပေါင်း ၅၀၀ ခန့် ဖြစ်လာပါမည်။
၆။ သောက်သုံးရေအတွက် ရေအရင်းအမြစ်များ (မြေပေါ်ရေနှင့် မြေအောက်ရေ)
မြေပေါ်ရေအဖြစ် အရင်းအမြစ်များဖြစ်သည့် ငမိုးရိပ် ရေလှောင်ကန်နှင့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ အင်းယား၊ ကန်တော်ကြီးတို့ ဖြစ်ကြပါသည်။ တိုးချဲ့ရေအရင်းအမြစ်များအဖြစ် လဂွန်းပြင်၊ ညောင်နှစ်ပင်၊ ကုက္ကိုလ်ဝ၊ တိုးမြစ်တို့မှ ရေပေးဝေရေး ဆောင်ရွက်လျက် ရှိပါသည်။
မဟာရန်ကုန် နယ်နိမိတ်အတွင်း နေထိုင်သူအားလုံး၏ ၅၅ ရာခိုင်နှုန်းခန့်ကို မြေပေါ်ရေ အရင်းအမြစ်များမှ ဖြန့်ဝေပေးပါသည်။ (မြို့တော်စည်ပင်၊ ရေပေးဝေရေး စီမံကိန်းမှာ သက္ကရာဇ် ၂၀၂၀ တွင် ရေဂါလန် ၂၉၅ သန်း၊ ၂၀၃၀ တွင် ရေဂါလန် ၄၃၀ သန်းနှင့် ၂၀၄၀ တွင် ရှိလာမည့် လူဦးရေ ၁၀ သန်းအတွက် ရေဂါလန် ၅၂၀ သန်း တိုးတက်ပေးဝေရန် ရည်မှန်းချက်ထားခြင်း ဖြစ်ပါသည်။ ယနေ့ စည်ပင်က ရေပေးဝေနေသည့် ရေပမာဏမှာ တစ်နေ့ရေဂါလံ သန်း ၂၀၀ ခန့် ဖြစ်ပါသည်။ မြေအောက် ရေအရင်းအမြစ်များ ဖြစ်သည့် မြေအောက် ရေအောင်းလွှာ ၃ ခုမှ ကျန်လိုအပ်သော ရေပမာဏ ၄၅ ရာခိုင်နှုန်းကို ထုတ်ယူသုံးစွဲနေရပါသည်။
၇။ မဟာရန်ကုန်၊ မြေအောက်ရေနှင့် စက်ရေတွင်းများ
၇-က။ တည်နေရာဒေသရပ်ဝန်း၊ ဘူမိဗေဒ၊ ဇလဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင် (အကျဉ်း)

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့သည် မုတ္တမ ပင်လယ်ကွေ့မှ ၅ မိုင်ခန့် ဝေး၏။ ရန်ကုန်မြစ်နှင့် ပဲခူးမြစ် အကြား၊ ရန်ကုန်မြစ်ဝ၊ မြစ်ဆုံတွင် တည်ရှိ၍ ဒီရေအတက်အကျရှိသော မြစ်လက်တက်များဖြစ်သည့် လှိုင်မြစ်၊ ပန်းလှိုင်မြစ်တို့သည်အနောက်ဘက်ခြမ်းမှ ရန်ကုန်မြစ်ထဲသို့ စီးဝင်၏။ ပုဇွန်တောင်ချောင်း (ငမိုးရိပ်ချောင်း)သည် အရှေ့ဘက်ခြမ်းမှနေ၍ ပဲခူးမြစ်၊ ရန်ကုန်မြစ်ဆုံထဲသို့ စီးဝင်ပါသည်။
မဟာရန်ကုန်ဒေသရပ်ဝန်း၏ ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင် အနေအထားအရ ပဲခူးရိုးမ တောင်ကျော တောင်ကုန်းတန်းသည် မြောက်မှတောင်သို့ တန်းလျက် မင်္ဂလာဒုံကုန်းတန်းမှသည် ရွှေတိဂုံကုန်းတော်ထိ တည်တန်းနေပြီး တောင်ဘက်သို့ နိမ့်ဆင်းသွားပါသည်။ သိသာထင်ရှားသော ဘူမိဗေဒ ကျောက်လွှာ အနေအထား၊ မင်္ဂလာဒုံ၊ ရွှေတိဂုံ ကုန်းတန်း (လွှာတွန့်ကုန်း) (Anticline) တစ်လျှောက် မြောက်၊ အနောက် မြောက်နှင့် တောင်၊ အရှေ့တောင် တန်းလျက် (the prominent geological structure is NNWSSE trending Shwedagon Mingaladon anticlinal ridge) တည်ရှိနေပါသည်။
အဓိကပြတ်ရွေ့လိုင်း (Major Fault Line) သည်လည်း တောင်မြောက်တန်းလျက် ရှိပါသည်။ အဆိုပါကုန်းတန်း (လွှာတွန့်ကုန်း၊ anticlinal ringe) တစ်လျှောက်၏အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းတို့သည် မြေပြန့်လွင်ပြင်များ ဖြစ်ကြပါသည်။ ထိုမြေပြန့်လွင်ပြင်များသည် ဘူမိဗေဒသဘောတရားအရ တိုက်စား၊ ပို့ချထားသော နုန်းမြေများဖြင့် ပြည့်နေသည့် လွှာတွန့်ချိုင့်ဝှမ်းများ (Alluviated Synclinal Basins) ဖြစ်ပါသည်။ မဟာရန်ကုန်နှင့်အနီး ပတ်ဝန်းကျင် ဒေသများရှိ အောက်ခံ မြေသား၊ ကျောက်လွှာများသည် ကွာတန်နာရီနှင့် တာရှာရီ (ဘူမိသက်တန်း) ကာလ ပို့ချအနယ်များ (Geological age of Quaternary and tertiary deposit)ဖြစ်ပါသည်။
ယေဘူယျအားဖြင့် ထိုပို့ချအနည်များသည် နုန်းမြေ(alluvium) နှင့် ချိုင့်ဝှမ်းပို့ချမြေလွှာ (Valley-filled deposits)၊ ရွှံ့ (Clay)၊ သဲကျောက် (Sandstone) နှင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဧရာဝတီဖော်မေးရှင်း (Irrawaddy Formation)နှင့် ပဲခူးအုပ်စု (Pegu Group) တို့ ဖြစ်ပါသည်။ ချိုင့်ဝှမ်းပို့ချမြေလွှာ(Valley-filled deposits) များကို ရွှေတိဂုံကုန်းတန်း အနောက်ဘက် (တောင်မြောက်တန်းလျက်)၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမှသည် ကြို့ကုန်း တောင်ဘက် တစ်လျှောက်အထိ ရှိပါသည်။
ဇလဘူမိဗေဒ အနေအထားအရ မြေအောက် ရေဆင်းသဏ္ဌန်သည် ပဲခူးရိုးမတောင်စွယ်၊ ရွှေတိဂုံကုန်းတန်း တစ်လျှောက်မှ အနောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်အရပ်ဒေသများသို့ စီးဆင်းစိမ့်ဝင်ပါသည်။
နုန်းမြေ ရေအောင်းလွှာ (Alluvial aquifer) ၏ ရေစိမ့်တာနှုန်း (Transmissivity) မှာ (263 gpd/ft – 550 gpd/ft) ဖြစ်ပါသည်။ ချိုင့်ဝှမ်းပို့ချ ရေအောင်းလွှာ(Valley-filled aquifer) ၏ ရေစိမ့်တာနှုန်း (Transmissivity) မှာ (733 gpd/ft – 16500 gpd/ft)နှင့် ဧရာဝတီ ရေအောင်းလွှာ(Irrawaddy Aquifer)၏ ရေစိမ့်တာနှုန်း(Transmissivity) မှာ (393gpd/ft – 4884 gpd/ft) စသည်ဖြင့် အနိမ့်အမြင့် အနေအထားနှင့် ရေထွက်နှုန်းပေါ် မူတည်နေပါသည်။ ၁၉၇၀ ခုလွန်နှစ်များက မိုးရေစိမ့်ဝင်ရာ ရပ်ဝန်းဒေသ၏ မိုးရေစိမ့်ဝင်မှုမှာ တစ်နှစ် ပျမ်းမျှ ၁၆ . ၇ လက်မ ရှိခဲ့ပါသည်။ (ထွန်းလွင်-၁၉၇၇)
ယခု ထိုနေရာများသည် မြို့သစ်အိမ်ယာအဆောက်အဦများဖြင့် ဖုံးလွှမ်းနေပါသည်။ (မြေအောက် ရေစီးဆင်းနှုန်းမှာ ပျမ်းမျှအားဖြင့်တစ်နှစ် ၁၅ . ၂၄ မီတာခန့် ဖြစ်ပါသည်။)
၇-ခ။ မြေအောက်ရေနှင့် စက်ရေတွင်းများ
မြေအောက်ရေကို မဟာရန်ကုန် ဧရိယာတစ်ဝန်း နေရာအနှံ့အပြားတွင် ရရှိပါသည်။ မြေအောက် ရေအောင်းလွှာ (၃) ခု ဖြစ်သော နုန်းမြေရေအောင်းလွှာ (Alluvial aquifer) ချိုင့်ဝှမ်းပို့ချ ရေအောင်းလွှာ (Valley-filled aquifer) နှင့် ဧရာဝတီ ရေအောင်းလွှာ (Irrawaddy Aquifer) တို့မှ ထုတ်ယူရရှိပါသည်။
မဟာရန်ကုန်တွင် အများဆုံး တွေ့ရသည့် မြေအောက်ရေအောင်းလွှာ (Fresh water aquifer) အများစုသည် ပိတ်လှောင်မထားသော ရေအောင်းလွှာ (Unconfined Aquifer) များ ဖြစ်ကြပါသည်။
မဟာရန်ကုန်၏ မြောက်ဘက်ဒေသ၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့် လွင်ပြင်နှင့် တဆက်တည်း ပဲခူးရိုးမ တောင်ကျောသည် မြေအောက်ရေ ပြန်လည် ဖြည့်တင်းပေးသည့်ရပ်ဝန်း(Recharge region) အဖြစ် တည်ရှိနေပါသည်။
ရန်ကုန်မြို့၏ သောက်သုံးရေပေးဝေရေး စနစ်ကို ၁၈၄၂ မြန်မာမင်းများလက်ထက်က စ၍ မြေအောက်ရေဖြင့် စတင်ခဲ့၏။ ထိုစဉ်က အဝကျယ် လက်တူးတွင်း ၃၀ ဖြင့် စတင်ခဲ့ပါသည်။ အင်္ဂလိပ် ကိုလိုနီလက်ထက် ၁၈၅၀-၅၅ ခုနှစ် ဝန်းကျင်က စ၍ မြေအောက်ရေကို အလုံ၊ ကြည်မြင်တိုင် စမ်းချောင်းရပ်ကွက်နေ ပြည်သူများအတွက် စက်ရေတွင်းများ ၄၀၀ ကျော် တူးဖော်ပြီး ရေဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
စာရေးသူသည် ကျေးရွာရေရရှိရေး ဌာနခွဲတွင်Hydrogeologist အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မဟာရန်ကုန် နယ်နမိတ်အတွင်း မြို့နယ်ပေါင်း ၃၀ မှ စက်ရေတွင်းပေါင်း ၂၀၀၀ ကျော်၊ မှတ်တမ်းကောက်ယူခြင်း၊ ရေနမူနာ ကောက်ယူခြင်းနှင့် ရေဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများ၊ ဇလဘူမိဗေဒဆိုင်ရာ စူးစမ်းခြင်း၊ (Groundwater & Wells Inventory; wells water sampling & testing and Hydro-geological Analysis) ကို (၁၉၉၁-၉၂ ခုနှစ်) က လုပ်ဆောင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းမဖြစ်မီအထိ စက်ရေတွင်းပေါင်း သုံးထောင်ကျော် ရှိပါသည်။
မြေအောက်ရေ အများဆုံးထုတ်ယူနိုင်သည့် ရေအောင်းလွှာမှာ ချိုင့်ဝှမ်း ပို့ချမြေအောက် ရေအောင်းလွှာ(Valley-filled aquifer) ဖြစ်ပါသည်။ တွင်းအရွယ်အစားမျိုးစုံမှ ရေထွက်နှုန်း၊ ရေဂါလန် ၁၀၀၀၀-၆၆၀၀၀ ဖြစ်ကြောင်း၊ ရေနေပေမှာ ၈-၄၅ နှင့် တွင်းအနက်ပေ ၃၀-၃၀၀ အတွင်း ရှိကြောင်း မှတ်တမ်းရရှိပါသည်။ ထိုရေအောင်းလွှာကို အလုံ၊ လမ်းမတော်၊ ကြည်မြင်တိုင်၊ ဒဂုံမြို့နယ် အနောက်ဘက်ခြမ်း၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်အရှေ့ဘက်ခြမ်း၊ ကြို့ကုန်း၊ အင်းစိန်၊ ဒညင်းကုန်း (တောင်ဘက်ပိုင်း) တစ်လျှောက်တွင် တွေ့ရပါသည်။ တပ်ဆင်ထားသည့် ရေတင်စက် အမျိုးအစား၊ ပန့်၊ ပါဝါအလိုက် ရေထွက်နှုန်းလည်း ကွာခြားနိုင်ပါသည်။ ၁၉၉၁-၉၂ မှတ်တမ်းများအရ လွတ်လပ်ရေးမရခင်က ကြည့်မြင်တိုင် ဈေးကြီးအတွင်း တူးထားသော ၁၂ လက်မ တွင်းသည် တစ်နာရီရေ ၆၆၀၀၀ ဂါလန် ထွက်ပါသည်။
ဒုတိယမြေအောက်ရေအောင်းလွှာမှာ နုန်းမြေရေအောင်းလွှာ (Alluvial aquifer) ဖြစ်ပါသည်။ ရေထွက်နှုန်းသည် တွင်းအရွယ်အစားအလိုက် ရေဂါလန် ၄၅၀၀- ၂၅၀၀၀ ဖြစ်ကြောင်း၊ ရေနေပေမှာ ၁၀-၄၅ နှင့် တွင်းအနက်ပေ ၁၅၀-၁၀၀၀ ပေအထိ တူးဖော်ထားကြောင်း မှတ်တမ်း ရှိပါ၏။ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဝေဘာဂီ၊ ရွှေပေါက်ကံ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ စသည့် ဒေသရပ်ဝှန်းများနှင့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့် တို့တွင် တွေ့ရပါသည်။ စက်မှုဇုန် (လှိုင်သာယာ စက်မှုဇုန်များ၊ မြောက်ဒဂုံ စက်မှုဇုန်၊ မြောက်ဥက္ကလာပ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်များသည် ထိုမြေအောက် ရေအောင်းလွှာမှ ရေကို ထုတ်ယူ အသုံးပြုနေကြပါသည်။ စက်ရေတွင်း အရွယ်အစား ၂ လက်မမှ ၁၄ လက်မထိ ဆိုက်စုံ တွင်းတူး ဖော်ထုတ်ယူကြပါသည်။
ဧရာဝတီ ရေအောင်းလွှာ(Irrawaddy Aquifer) ၏ ရေတွက်နှုန်းမှာ တစ်နာရီ ရေဂါလန် ၈၀၀- ၃၀၀၀၀ ဖြစ်ကြောင်း၊ ရေနေပေမှာ ၂၁-၆၅ ထိ ရှိကြောင်း သိရပါသည်။ ယင်းရေအောင်းလွှာကို မင်္ဂလာဒုံမြို့နယ်၊ မြောက်ဘက်ခြမ်း၊ အရှေ့မြောက်ဘက်ခြမ်း ဒေသများတွင် အတွေ့ရ များသည်။ ထိုဒေသရှိ စက်မှုဇုန်များက ရေအများဆုံး ထုတ်ယူခြင်း ဖြစ်ပါသည်။
မြေအောက်ရေ ထုတ်ယူရာတွင် မိမိစက်ရေတွင်း၏ အမြင့်ဆုံး ရေထုတ်နိုင်သည့်ပမာဏ(maximum Discharge / Yield) ကို သိရပါမည်။ ထိုသို့သိရန် ရေမှတ် စမ်းသပ်ခြင်း (Pumping test) ပြုလုပ်ပြီး ထိုစမ်းသပ်ချက်မှ စက်ရေတွင်း၏ မြေအောက်ရေ၏ ရေမျက်နှာပြင်(Groundwater level)၊ ရေမှတ် စမ်းသပ်နေစဉ် တည်ရှိနေသည့် မြေအောက်ရေပြင် (Pumping Level) နှင့် စက်ရေတွင်း၏ တစ်နာရီ ရေထွက်နှုန်း (Discharge / Yield (gal/hr) တို့ကို သိရပြီးနောက် ရေအောင်းလွှာ၏ ရေစိမ့်တာနှုန်း (Transmissibility) ကို တွက်ယူရရှိ၏။ ထိုအချက်အလက်များကို အခြေခံ၍ ရေထွက်နှုန်း၏ (၆၀-၇၅) ရာခိုင်နှုန်းသာ ထုတ်ယူသင့်ပါသည်။ ထိုသို့ ထုတ်ယူခြင်းကို စိတ်ချစွာ ရေထုတ်ယူခြင်း၊ (Safe Yield) ဟု ခေါ်ပါသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း အသစ်တိုးချဲ့ တည်ဆောက်သည့် မြို့သစ်များနေပြည်သူများ၊ ရပ်ကွက်မြို့နယ်အသီးသီးရှိ ကန်ထရိုက်တိုက်များ၊ စက်မှုဇုန်များ၊ သာရေးနာရေး အသင်းအဖွဲ့များ၏ ရေရှိရေးမှာ မိမိအစီအစဉ်ဖြင့် မြေအောက်ရေ ထုတ်ယူ အသုံးပြုကြပါသည်။ ယနေ့အထိ စည်ပင်သာယာပိုင် စက်ရေတွင်း ၄၉၉ တွင်း အပါအဝင် မိမိအစီအစဉ်ဖြင့် တူးဖော်ထားသည့် စက်ရေတွင်းပေါင်း ခန့်မှန်း ၃၀၀၀၀ ကျော် ရှိနေပါမည်။