စာဖတ်ကြပါ

သူတော်ကောင်းများနှင့် နေထိုင်ခြင်း

ကျွန်တော်ကား သူတော်ကောင်းတွေကို ပတ်လည်ထားကာ ပျော်မွေ့နေသူဖြစ်သည်။

ကျွန်တော်၏ သူတော်ကောင်းများကား စာရေးဆရာများနှင့် သူတို့ရေးသားသော စာအုပ်များဖြစ်သည်။ ကျွန်တော့် သူတော်ကောင်းများသည် စာအုပ်စင်များထဲတွင် တည်ငြိမ်စွာရှိနေကြသည်။ ကျွန်တော်သည် ထို သူတော် ကောင်းများနှင့်သာ နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ သူတို့ကလည်း ကျွန်တော်နှင့်အတူ နေထိုင်ပေး ရခြင်းကို မညည်းညူ။ ကျွန်တော်ကလည်း သူတို့ကဘေးတွင် ဝန်းရံရှိပေးနေခြင်းကြောင့် လုံခြုံသလို ခံစားရသည်။

ညကအိပ်ရာဝင်ခါနီးတွင် စာဖတ်လေ့ရှိသည့်အတိုင်း နီးရာစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ရာတွင် ကန်တော်မင်းကျောင်းဆရာတော်၏ “ကန်တော်မင်းကျောင်း မေတ္တာစာ” ဖြစ်နေသည်။ ကောင်းပေစွ။

သဘောကျနှစ်သက်မိသည့် အပိုဒ်လေးတစ်ပိုဒ်ကို ထုတ်နုတ်ပြလိုပါသည်။

“သူမကောင်းကိုခွာ၊ သူတော်ကောင်းကိုရှာ၊ သူတော်ဆုံးမနာ၊ သူ့နည်းမကျင့်ရာ၊ သူ့ထက်စောင့်စည်းပါ၊ သူကောင်းဖြစ်စိမ့်ငှာ၊ သူချစ်ရှစ်ချပ်ကြာ”

“သူ့နည်းမကျင့်ရာ” ဆိုသည်မှာ သူယုတ်တို့နည်းအတိုင်း မကျင့်နှင့်ဟုဆိုလိုပြီး

“သူချစ်ရှစ်ချပ်ကြာ” ဆိုသည်မှာ

(၁) ပေးကမ်းစွန့်ကြဲခြင်း (၂) သူ့စီးပွားကို လိုလားခြင်း (၃) ကွယ်ရာသူတပါးတို့ အတင်းကို မကောင်းဆိုးဝါး မပြောခြင်း (၄) သီလရှိခြင်း (၅) ဖော်ရွေခြင်း (၆) အမျက်မရှိခြင်း (၇) ပညာရှိခြင်း (၈) နူးညံ့ဖြည်းညှင်း သာယာသောစကားကို ဆိုတတ်ခြင်းတို့ကို “ရှစ်ချပ်ကြာ” အနေဖြင့် ခိုင်းနှိုင်းခြင်းဖြစ်သည်။ ထိုရှစ်ချက်ကိုသာ ကျင့်သုံးလျှင် ချစ်ဆေးဖော်ခြင်းဖြစ်သည်။

မျက်နှာမြင်ချစ်ခင်၊ အသံကြားသနားပါစေဟူ၍ ဆုတောင်းလေ့ရှိကြသည်။ ဆုတောင်းရုံနှင့် ပြီးပြည့်စုံနိုင်သည့် ကိစ္စတော့မဟုတ်ပါ။ အချို့ဆိုလျှင် မျက်နှာမြင် ဆဲချင်၊ အသံကြားထသွားချင်ဆိုသည့် ဂုဏ်တွေကို မတောင်းပဲ ပြည့်စုံစွာ ရရှိပိုင်ဆိုင်နေကြသူများ ဖြစ်ပါသည်။

မကြားချင်သည်ကိုကြားရ၊ မမြင်ချင်သည်ကိုမြင်ရ၊ မတွေ့ချင်သည်တို့ကို တွေ့ရလျှင် စိတ်အကြည်ဓာတ်တွေ ပျောက်လေ့ရှိသဖြင့် သူတော်ကောင်းတွေနှင့်သာ ပျော်မွေ့စေချင်သည်။

ကျွန်တော့်အိပ်ရာဘေးတွင် အမြဲထားလေ့ရှိသည့် စာအုပ်နှစ်မျိုးမှာ ငါးရာ့ငါးဆယ်နိပါတ်တော်စာအုပ်များနှင့် ဓမ္မပဒစာအုပ်များဖြစ်သည်။ ကျွန်တော့်အတွက်တော့ ဘယ်အချိန်ဖတ်ဖတ်မရိုးနိုင်သော စာအုပ်များဖြစ်သည်။

ငါးရာ့ငါးဆယ်နိပါတ်၊ သီဟစမ္မဇာတ်တော်ထဲတွင် အယောင်ဆောင်တစ်ကောင်အကြောင်း ရေးထားသည်မှာ ဘယ်ဘက်ကတွေးတွေး ထိမိစေသော အတွေးများဖြစ်သည်။

ကိုယ်နှင့်တန်ရာတန်ရာကို ဝတ်ဆင်လျှင်ကြည့်ကောင်းသည်။ မတန်မရာဝတ်မိသဖြင့် အသက်ဆုံးရသော မြည်းအကြောင်းကို ထိုဇာတ်တော်တွင်ဖတ်ရသည်။

သခင်ကမြည်းကို ခြင်္သေ့ရေခြုံပေးလိုက်ပြီး လယ်ကွင်းထဲလွှတ်ကျောင်းသည်။ ခြင်္သေ့အမှတ်ဖြင့် လူများ ကြောက်စေရန် ခြင်္သေ့ရေ ခြုံပေးပြီး အစာကို ခိုးစားစေခြင်းဖြစ်သော်လည်း လယ်ကွင်းထဲကအကောင်သည် အရေခြုံထားသော မြည်းဖြစ်ကြောင်းသိသွားသောကြောင့် လယ်စောင့်နှင့်ရွာသားများပေါင်းကာ မြည်းကို လည်းသတ်၊ ခြင်္သေ့ရေကိုလည်း ယူသွားသည့်ဇာတ်ဖြစ်သည်။

လောကတွင် ကိုယ်နှင့်မတန်မရာ ဝတ်ချင်သူတွေကားများလှသည်။ ထိုအကြောင်းကို ဓမ္မပဒထဲတွင်လည်း တွေ့ရသည်။ ရှင်ဒေဝဒတ်သည် အဖိုးတစ်သိန်းတန်သော သင်္ကန်းလျာပုဆိုးကြီးကို သင်္ကန်းချုပ်ဝတ်ပြီး ရဟန်းနှင့်မတန်စွာ ဆင်ယင်ဝတ်စားသဖြင့် လူအများ၏ ကဲ့ရဲ့ခြင်း ခံခဲ့ရသည်။ သံသရာတစ်လျှောက်လုံး ရှင်ဒေဝဒတ်သည် လူကြမ်း၊ လူဆိုးကြီးဖြစ်ရခြင်းမှာ သူ၏ စရိုက်ဆိုး၊ ဉာဉ်ဆိုးတို့ကြောင့်ဖြစ်သည်။

လောကတွင် တန်ရာတန်ရာဆိုသည့် စကားရှိ၏။ မသာနှင့် နားတောင်းကြည့်မကောင်းဆိုသည့် စကားလိုပင် မတန်မရာတွေဝတ်ပြီး ကြွားလုံးထုတ်ချင်နေသောသူတွေကား လောကတွင်များလှသည်။ တစ်မတ်ဖိုးလောက် ရှိသူက တစ်ကျပ်ဖိုးလောက် ဂိုက်ပေးချင်နေကြသည်။

သူတော်ကောင်းအကြောင်း ပြောပြီး မသူတော်အကြောင်းကလည်း ပြောလိုသေးသည်။

သူတော်ကောင်းနှင့် ဆန့်ကျင်ဘက်ကား သူယုတ်မာဖြစ်သည်။ ပညာရှိသူတော်ကောင်းတွေရှိသလို ပညာရှိ မသူတော်တွေလည်းရှိသည်။ ပညာရှိပြီး ယုတ်မာပြီဆိုလျှင် အစွမ်းကုန်ရက်စက်ယုတ်မာတတ်ကြသည်။ မိုက်မဲခြင်း၊ ညစ်ပတ်ခြင်း၊ ကောက်ကျစ်ခြင်းတို့တွင် သူတို့ဉာဏ်ရှိသလောက် ပျော်ပျော်ကြီး လုပ်ဆောင် တတ်သည်ဖြစ်ရာ ခံရသူတွေမှာ မချိမဆန့်ဖြစ်စရာပင်။

ယနေ့ခေတ်လူငယ်များအနေဖြင့် ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းကို ကြားဖူးကြ၊ သူ့စာကို ဖတ်ဖူးကြ သေးရဲ့လားမသိ။ ကျွန်တော်ကား စာစဖတ်စဉ်ကတည်းက ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းစာအုပ်များနှင့် တွေ့ဆုံခွင့်ရခဲ့သည်မှာ ကံကောင်းပေစွ။ ဆရာကြီး၏ အမြင်အတွေး (သူ့အမြင်နှင့် သူ့အတွေး) စာအုပ် များဖြင့် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲနိုင်ခဲ့၍ စာပေကျေးဇူးရှိသူဖြစ်သည်။

ဆရာကြီး၏ အဆိုတစ်ခုကို သူရေးသားသော စာအုပ် (သူ့အမြင်နှင့် သူ့အတွေး) မှ ထုတ်နုတ်ပြလိုပါသည်။

“ပညာရှိ မသူတော်များသည် ဉာဏ်လည်းရှိ၍ ဉာဏ်ကို အသုံးပြုပြီးသော် သူတစ်ပါးက အထင်ကြီး၍ ယုံမှတ်ကိုးစားလေအောင် ခစားခြင်းကိုလည်း ပြုတတ်၏။ မခစားဘဲလည်း ဟန်နှင့်ပန်နှင့် နေတတ်၏။ တဖားဖားနှင့် ဖားခြင်းကိုလည်း ပြုတတ်၏။ ဟန်လုပ်လျက် တည်တည်ကြီးပြုကာလည်း နေတတ်၏။ ဉာဏ်ရှိသမျှ စဉ်းလဲပြီးလျှင် သူတစ်ပါးက ကိုယ့်ကို အထင်အမြင်ကြီးအောင် ပြုမူကျင့်ကြံနေထိုင်တတ်၏” ဟူ၏။

ပညာရှိချင်ယောင်ဆောင်ပြီး ကောက်ကျစ်စဉ်းလဲသောသူမှာ မည်မျှခမ်းနားထည်ဝါစွာ ဝတ်စားထားပြီး ကိုယ့်ကိုယ့်ကိုယ် သူတော်ကောင်းယောင်ဆောင်သည်ဖြစ်စေ ရယ်ဖွယ်ရာသာဖြစ်နေပေလိမ့်မည်။

သို့သော် မွေးကတည်းက ရှက်ကြိုးနှင့် ချက်ကြိုးမှားဖြတ်ခံလိုက်ရသူများမှာ လောကတွင် ပြောမပြနိုင် လောက်အောင် ပေါလှပေသည်။

ကိုယ့်ပတ်ဝန်းကျင်တွင် သူတော်ကောင်းတွေ များများထားပါ။ သူတော်ကောင်းစိတ် များများမွေးပါ။ သူတော်ကောင်းတို့၏ အတွေးအမြင်တွေကို လေ့လာဖတ်ရှု မှတ်သားကြပါ။ ကျက်သရေမဲ့သော သူယုတ်မာ တွေကို ဝေးဝေးရှောင်ပါ။

မမြင်ရ၊ မကြားရခြင်းကပင် နေ့တိုင်း ကျက်သရေမင်္ဂလာရှိနေပါလိမ့်မည်။

ထို့ကြောင့် မမြင်ချင် မကြားချင်သည်တို့ကို လျစ်လျူရှုထားပါ။ စာကောင်း၊ ပေကောင်းများကို အဖော်ပြုပါ။ သူတော်ကောင်းများနှင့်သာ တွေ့ဆုံရစေကြောင်း ဆုတောင်းပါသည်။

တင်ညွန့်

၁၉.၃.၂၀၂၂