Rivers :စစ်တောင်းမြစ် နှင့် ပဲခူးစစ်တောင်းတူးမြောင်းသမိုင်း

Water Security and the Changing Climate

MENU

Search

စစ်တောင်းမြစ်ကြောင်း ပြောင်းလဲမှုနှင့် ပဲခူးစစ်တောင်း တူးမြောင်းသမိုင်း (အေးမြင့်-ညောင်တုန်း)

ON  BY UKYAWOO

ကျွန်တော်သည် ဆည်မြောင်းဦးစီးဌာနတွင် ၃၅ နှစ်ခန့် ရာထူးမျိုးစုံ နေရာဒေသမျိုးစုံတို့၌ တာဝန် ထမ်းဆောင်ခဲ့ရာ ချင်းပြည်နယ် ရှမ်းပြည်နယ် ပဲခူးတိုင်းတို့လည်း အပါအဝင် ဖြစ်သည်။ ပဲခူးတိုင်းတွင် တာဝန်ထမ်းဆောင်ရင်း ပဲခူးစစ်တောင်းတူးမြောင်း မိုးယွန်းကြီး ဇွဲဘတ်တာ ပဂိုင်တာ စသည့် ဆည်မြောင်း ပုံမှန် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအပြင် ရှမ်းကိုင်း ရေထုတ်ရေထိန်း ရေတံခါး၊ ပိုင်ကျုံ ရေထုတ်ရေထိန်း ရေတံခါး၊ တာဝရေထုတ်ရေထိန်း ရေတံခါးစသည်တို့ကို အငြိမ်းစား အင်ဂျင်နီယာ အကြံပေးပုဂ္ဂိုလ် ဦးထွေးမြင့်၏ အကြံဉာဏ်များကို ရယူလျက် တည်ဆောက်ခဲ့ပါသည်။

ဦးစွာတင်ပြလိုသည်မှာ ဆရာဦးထွေးမြင့်ထံမှ ရရှိခဲ့သော အင်္ဂလိပ်စာအုပ်တစ်အုပ်ပါ စစ်တောင်းမြစ်ကြောင်း ပြောင်းလဲပုံ ဖြစ်ပါသည်။

၁၈၅၇ ခုနှစ်က ပုံအရ စစ်တောင်းမြစ်ကမ်းဘေးရှိ ရွှေကျင်မြို့၊ မြစ်ကျိုးရွာနှင့် အလုတ်ရွာတို့တွင် မြစ်ကွေ့ကြီးများ ရှိနေခဲ့သည်။

ယင်းအချိန်က ပျဉ်းမနားသစ်တောကြိုးဝိုင်းမှ ထွက်ရှိသော အဖိုးတန်သစ်များကို ဖောင်ဖွဲ့၍ ရန်ကုန်သို့ စစ်တောင်းမြစ်ကြီးမှသာ ပို့ဆောင်ခဲ့ရာ ရေစီးသန်ပြီး ဒီလှိုင်းတံပိုးကြီးမားသော စစ်တောင်းမြစ်၀တွင် သစ်ဖောင်များ မကြာခဏ ပျက်စီး မျောပါ နစ်မြုပ်ခြင်း၊ ပျောက်ဆုံးခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။

ယင်းကျွန်းသစ်နှင့်သစ်မာများသည် ကမ္ဘာ့ရောင်းတန်းဝင်သစ်များဖြစ်ရာ ကိုလိုနီအစိုးရသည် သစ်ဖောင်များ ရာသီမရွေးသယ်ပို့နိုင်မည့် ပဲခူးစစ်တောင်းတူးမြောင်းကို ခရစ်နှစ် ၁၈၇၃-၇၄ တွင် စတင်ဖောက်လုပ်ခဲ့သည်။
ပဲခူးစစ်တောင်းတူးမြောင်းသည် အင်္ဂလိပ်တို့ မြန်မာပြည်တွင် ပထမဆုံး ဖောက်လုပ်ခဲ့သော တူးမြောင်း ဖြစ်သည်၊ လုပ်ငန်းတစ်ခုလုံး တည်ဆောက်စရိတ် စုစုပေါင်းကုန်ကျငွေ ၇၉၄၆၀၀၀ ကျပ်ရှိပြီး ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

ထို့ပြင် ယင်းတူးမြောင်း နွေရာသီ ရေနည်းချိန် ရေဖြည့်ပေးမည့် ၄၀ စတုရန်းမိုင် ကျယ်ဝန်းသည့် မိုးယွန်းကြီး ရေလှောင်ကန်ကိုလည်း တည်ဆောက်ခဲ့ပါသည်။

တူးမြောင်းသည် စစ်တောင်းမြစ်ကွေ့ပေါ်ရှိ မြစ်ကျိုးရွာမှနေ၍ ဝေါနှင့် သနပ္ပင်မြို့ကို ဖြတ်သန်းကာ ပဲခူးမြို့ တောင်ဘက် ပဲခူးမြစ်ပေါ်ရှိ တာဝရွာနှင့် လာရောက် ဆက်သွယ်သည်။ တူးမြောင်း၏ အလျားသည် ၃၈ မိုင်ရှည်၍ တူးမြောင်း၏ ထိပ်နှစ်ဖက်တွင် အရှည် ၂၄၀ ပေနှင့် အကျယ် ပေ ၃၀ စီ ရှိသော ရေတံခါးတစ်ခုစီ တပ်ဆင်ထားသည်။

စစ်တောင်းမြစ်ကြောင်းသည် ၁၈၅၇ မှ ၁၉၀၅ ခုနှစ်အထိ ၄၈ နှစ်ကြာမျှ တည်ငြိမ်နေခဲ့သည်။
ထို့နောက် ဒေသခံတောင်သူလယ်သမားများနှင့် ငါးရှာသူများက အလုပ်ရွာအနီး ဖြတ်မြောင်းတစ်ခု တည်ဆောက်မှုကြောင့် စစ်တောင်းမြစ်အထက်ပိုင်းတွင် မြစ်ကြောင်းပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်ခဲ့သည်။ ဖောက်လုပ်ထားပြီးဖြစ်သည့် ပဲခူးစစ်တောင်းတူးမြောင်း၊ စစ်တောင်းမြစ်ကူး မီးရထား လမ်းတံတားတို့အပေါ် ဆိုးကျိုးများ သက်ရောက်ခဲ့သည်။

မိုးရာသီ စစ်တောင်းမြစ်ရေတွင် ပါလာသော သဲနုန်းများသည် မြစ်ဝအပေါ်ပိုင်းတွင် တဖြည်းဖြည်း ပို့ချလာခဲ့ပြီးနောက် ကျန်ရှိသောနုန်းများသည် မုတ္တမကွေ့ရေနက်ပိုင်းသို့ ရောက်ရှိအနည်ထိုင်သည်။ နွေရာသီတွင် ပင်လယ်ဒီရေ အရှိန်ပြင်းစွာဖြင့် ပြန်တက်လာရာတွင် ရေနက်ပိုင်းမှ နုန်းများသည် မြောက်ဘက်သို့ ပြန်လည်ရွှေ့ပြောင်းရောက်ရှိလာသည်။ မိုးရာသီတွင် ဆင်းလာသော နုန်းထက် နွေရာသီတွင် ပြန်တက်လာသောနုန်းက ပိုများနေသဖြင့် စစ်တောင်းမြစ်ဝကျွန်းပေါ်သည်
ကျယ်ပြန့်လာသည်။

ဆက်စပ်လေ့လာရန် စစ်တောင်းမြစ်ဝမှ နုန်းများ ဂြိုဟ်တုဓာတ်ပုံနှင့် မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း ဆောင်းပါး

၁၉၂၈ တွင် အိန္ဒိယမြေတိုင်းအဖွဲ့ (Survey of India)မှ ပြန်လည်တိုင်းတာချက်အရ အလုတ်ရွာအနီးရှိ ၄၁ မိုင်ရှည်လျားသော မူလစစ်တောင်းမြစ်ကွေ့ကြီးသည် ရေမစီးတော့ပဲ မြစ်ကွေ့ကြီး၏ တောင်ဘက်ခြမ်း အောက်ပိုင်းတစ်ခုလုံး နုန်းတက်တိမ်ကောသွားခဲ့သည်။ စစ်တောင်းမြစ်ဝအရှေ့ဘက်ကမ်းရှိ ကျိုက္ကသာနှင့် ကျိုက်ထိုမြို့အကြားနှင့် ကျိုက်ထိုမြို့ တောင်ဘက်ခြမ်း မြစ်ကမ်းပါးများတွင် စစ်တောင်းမြစ်သည် မူလ ၁၉၀၅ ခုနှစ်ကာလက အနေအထားသို့ ပြန်လည် ဦးတည်နေကြောင်း တွေ့ရှိရသည်။

တူးမြောင်းသက်တမ်းကြာမြင့်လာသည်နှင့်အမျှ ကြမ်းပြင် မြင့်တက်လာမှုကြောင့် မိုးရာသီတွင်ပင် စက်လှေအသေးစားများသာ ကောင်းမွန်စွာ သွားလာနိုင်ပြီး စက်လှေအကြီးများမှာမူ အကန့်အသတ်ဖြင့်သာ သွားလာနိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှစ၍ ကျွန်းသစ်နှင့်သစ်မာများ သယ်ယူပို့ဆောင်နိုင်ခြင်း မရှိတော့ချေ၊ ရေသန့်ရှင်းမှုလျော့ကျလာသဖြင့် ရေသတ္တဝါမျိုးစိတ်များ ရှားပါးလာခဲ့သည်။

ဆည်မြောင်းဌာနသည် ပဲခူးစစ်တောင်း တူးမြောင်းအား ၂၀၁၄ ခုနှစ်တွင် စက်ယန္တယား အင်အားများစွာ အသုံးပြုလျက် တူးမြောင်းတစ်လျှောက်လုံး ပြန်လည် ပြုပြင်တူးဖော်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် တူးမြောင်းပေါ်ရှိ မူလ ရေလွှဲပေါက်ကြီးလေးခု (အဗျား၊ မင်းရွာ၊ ပုဂံညောင်ပင်၊ ကျိုက်ပဒိုင်)နှင့် လှေဝင်လှေထွက် ရေတံခါးနှစ်ခု (မြစ်ကျိုး၊ တာဝ)တို့ကို ပြန်လည် မွမ်းမံပြုပြင် တည်ဆောက်ခဲ့ပါသည်။

ပဲခူး-စစ်တောင်းတူးမြောင်းအကြောင်း ဗီဒီယို ရှုစားရန် (ကြာချိန် ၆ မိနစ် ၃၁ စက္ကန့်)

ယနေ့အခါ သစ်များမမျှောတော့သော်လည်း ပြန်လည်တူးဖော်ထားသော ပဲခူး-စစ်တောင်း တူးမြောင်းကြောင့် မိုးရာသီ ရေကြီးရေလွမ်းမှုများ လျော့ပါးသက်သာသည့်အပြင် ပုံမှန် မိုးစပါး စိုက်ပျိုးရေ သာမက နွေအခါတွင် မိုးယွန်းကြီးကန်တွင် စုဆောင်းထားသော ရေများကို တူးမြောင်းအတွင်းသို့ ချပေးနိုင်သဖြင့် နှစ်စဉ် နွေစပါး ဧကပေါင်း ၃၀၀၀၀ ဧကခန့် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။

ဆက်စပ်လေ့လာရန် နုန်းနစ်ပန်းလှိုင် ဆောင်းပါး

ရည်ညွှန်းချက်
၁။ THE SITTAUNG RIVER AND ITS VAGARIES BY JOHN MATTHEW BLACKWOOD STUART, B.A., B.A.I., M. INST. C.E., LONDON
၂။ တာဝသံမဏိရေတံခါးသစ်ကြီးနှင့် ပဲခူး-စစ်တောင်းတူးမြောင်း၊ ဦးလှခင်မောင်၊ ြ.ှခ (နညါ)၊ ဆည်မြောင်းဦးစီးဌာန
၃။ ပဲခူးခရိုင်၊ ပုကိုင်တာတောင်ပိုင်း ရေနစ်မြုပ်မှုပြဿနာနှင့် နွေရာသီ ရေပိုမိုရရှိရန်အတွက် တင်ပြအစီရင်ခံခြင်း၊ အကြံပေးပုဂ္ဂိုလ် ဦးထွေးမြင့်၏ ၅ .၂ . ၉၉ ရက်စွဲပါ စာအမှတ် ၁၇၁၅/အကပ
၄။ ပဲခူးစစ်တောင်းတူးမြောင်း ဖြစ်စဉ်အကျဉ်း၊ ပဲခူးတိုင်း ဆည်မြောင်းဦးစီးဌာန၊ ၁၉၉၁ ခုနှစ် ဇွန်လ

Share this:

Related

December 2, 2021In “Resources”

February 6, 2022In “Awareness”

September 24, 2021In “Sea Level Rise”

Post navigation

PREVIOUSညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဝါးခင်းကြီးချောင်း မြေအောက်သဲတမံ

NEXT၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ