Ayeyarwady Delta ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ

Ayeyarwady Delta

Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)

ON DECEMBER 11, 2021 BY UKYAWOOIN SEA LEVEL RISE

ဂျပန်မှာ ကျောင်းအပြီး အလုပ်ဝင်ခဲ့တဲ့ ၂၀၀၀ ခု ဝန်းကျင်မှာ တွေ့ဆုံခဲ့ရသူ Kiso Jiban Consultants ကုမ္ပဏီ ဘူမိအရာရှိချုပ် မိုမိကုရာစံ 籾倉 さん Mr Momikura (တွေ့ဆုံချိန်မှာ ၆၅ နှစ် ကျော်နေပြီ၊ ဂျပန်အစိုးရ ဆည်မြောင်းဌာန ဘူမိအရာရှိချုပ်ဘဝက ပင်စင်ယူခဲ့သူ) မေးပြောပြောခဲ့တဲ့ စကားကို သတိရမိတယ်။

ပထမ What is the meaning of Ecology? အီကိုလိုဂျီ ဆိုတာ ဘာလဲ၊ နောက်ပြီး What is Economy? အီကိုနိုမီဆိုတာ ဘာလဲ၊ နောက်မေးခွန်းက စကားလုံးနှစ်ခုစလုံးမှာ Eco ဆိုတာ ဘာဖြစ်လို့ ပါရတာလဲ။

Ecology is the branch of biology that deals with the relations of organisms to one another and to their physical surroundings. အနီးဆုံးဘာသာပြန်ရရင် Ecology ဆိုတာ သတ္တဝါများအချင်းချင်း၊ သတ္တဝါများနဲ့ ရုပ်ဝတ္ထု သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုများလို့ ဆိုနိုင်ပါတယ်။

ဆက်စပ်လေ့လာရန် ဂေဟစနစ်နှင့်ဂေဟဗေဒ

Economy is the state of a country/region in terms of the production, consumption of goods and services and supply of money. Economy ဆိုတာ နိုင်ငံ(သို့) ဒေသတစ်ခုရဲ့ ထုတ်လုပ်မှု၊ သုံးစွဲမှု၊ ဝန်ဆောင်မှု၊ ငွေကြေးထောက်ပံ့နိုင်မှု အခြေအနေ လို့ ဘာသာပြန်နိုင်ပါတယ်။

Ecology နဲ့ Economy တို့ဟာ အပြန်အလှန်ဆက်စပ်နေပြီး တစ်ခု ချို့ယွင်းရင် နောက်တစ်ခုကိုပါ ထိခိုက်တယ်၊ မျှခြေဖြစ်အောင် ကြိုးစား ထိန်းကြောင်းမှသာလျှင် ဒေသတစ်ခု နိုင်ငံတစ်ခုရဲ့ အနာဂတ်ဟာ ပိုမို တည်ငြိမ် တိုးတက်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအကြောင်းနဲ့ ဆက်နွှယ်နေတဲ့ ဘူမိရုပ်သွင်ဂျာနယ် Geomorphology Journal, May 2020 မှာပါတဲ့ Chen နဲ့ အဖွဲ့ရဲ့ မြစ်ကြီးဧရာဝတီနဲ့ မြစ်ဝကျွန်းပေါ်တို့အပေါ် နှစ် ၄၀ ကျော် (၁၉၇၄-၂၀၁၈) အတွင်း လူသားများကြောင့် ထိခိုက် ပြောင်းလဲမှုများအကြောင်း သုတေသနစာတမ်းကိုဖတ်ရင်း သိရှိလာတာကို ထပ်ဆင့် ပြန်လည်မျှဝေလိုပါတယ်။

မြစ်တစ်စင်းဟာ တိုက်စား၊ သယ်ဆောင်၊ ပို့ချ ဆိုတဲ့ အလုပ်သုံးခုကို မြစ်စတင်ပေါက်ဖွားရာ မြစ်ဖျားမှစတင်ပြီး ပင်လယ်မှာ အဆုံးသတ်သည်အထိ လုပ်ဆောင်ပါတယ်၊ တိုးပွား များပြားလာသော လူဦးရေ နှင့် မြို့ပြ လူနေမှုမှသည် စီးပွားရေး လိုအပ်ချက်များကြောင့် မြစ်တစ်စင်းရဲ့ ဖြစ်စဉ်မျှခြေကို တိုက်ရိုက်ပဲ ဖြစ်စေ၊ သွယ်ဝိုက်လို့ပဲ ဖြစ်စေ ဖျက်ဆီးမိလာသောအခါ အဲဒီဖြစ်စဉ်ရဲ့ အကျိုးဆက်များကို ထိုမြစ်ကြီးကို မှီ၍ နေထိုင်ကြသော လက်ရှိနှင့် အနာဂတ်လူသားများပဲ ခံစားရမှာ ဖြစ်ပါတယ်။

အဲဒီသုတေသနစာတမ်းမှာ ပြီးခဲ့တဲ့ ၄၅ နှစ်အတွင်း လူသားတို့ရဲ့ လုပ်ဆောင်မှုများ ဖြစ်တဲ့ သစ်တောများ ဒီရေတောများ ပြုန်းတီးမှု deforestation, decreased mangrove၊ ရေကာတာများ၊ မိုင်းများ Terrestrial Mining၊ မွေးမြူရေးကန်များ Aquaculture ponds၊ မြစ်တွင်း ကျောက်စရစ်နှင့် သဲထုတ်မှု sediment mining စတာတွေကြောင့် ဧရာဝတီမြစ်ကြီးနှင့် လက်တက်များရဲ့ ပုံသဏ္ဍာန် ပြောင်းလဲလာမှုများ braided, sinuosity, straightness, bifurcation၊ အနည်ထိုင်ပုံ ပြောင်းလဲခြင်း decrease and increase coarse and fine sediments၊ တိုက်စားမှု၊ ပို့ချမှုပြောင်းလဲခြင်း sediment loads and accretion များ ဖြစ်ပေါ်လာကာ ရေကြီး ရေလျှံ၊ မြစ်ကမ်းပါးပြို၊ တောင်ပြို၊ ကမ်းရိုးတန်း တိုက်စားစတဲ့ အကျိုးဆက်များကို ဒေသအလိုက် တင်ပြထားပါတယ်။ (အောက်ပုံ)

ဆောက်ပြီး ဆောက်ဆဲ စီစဉ်ဆဲ ရေကာတာများ

ဒီသုတေသနစာတမ်းမှာ ပုသိမ်မြစ်နဲ့ မြစ်မခမြစ်၊ ဧရာဝတီမြစ် တိုးမြစ်နဲ့ ပန်းလှိုင်မြစ်တို့ရဲ့ ၁၉၇၄ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြား ပြောင်းလဲသွားပုံကို နှိုင်းယှဉ်ဖော်ပြထားပါသေးတယ်။

ပုသိမ်မြစ်နဲ့ မြစ်မခမြစ်တို့ဟာ ၁၉၇၄ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ သောင်ထွန်းခြင်းကြောင့် မြစ်ကြောင်း အစိတ်စိတ် အမွှာမွှာ ပိုဖြစ်လာတယ် (more braided)၊ ကွေးကောက်လွယ်မှု (sinuosity) အားပျော့လာတယ်၊ ကွဲထွက်ထောင့်(bifurcation angle) ပိုကျယ်လာပါတယ်။

ဧရာဝတီမြစ် တိုးမြစ်နဲ့ ပန်းလှိုင်မြစ်တို့ကျတော့ ၁၉၇၄ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ သောင်ထွန်းခြင်းကြောင့် မြစ်ကြောင်း အစိတ်စိတ် အမွှာမွှာ ဖြစ်မှု နည်းသွားတယ်၊ ကွေးကောက်လွယ်မှု အားကောင်းလာတယ်၊ ကွဲထွက်ထောင့် ပိုကျယ်လာပါတယ်။

အဲဒီမြစ်ကြောင်းပြောင်းလဲမှုများဟာ လူသားတို့ရဲ့ လုပ်ဆောင်မှုများဖြစ်တဲ့ သစ်တောများ ဒီရေတောများ ပြုန်းတီးမှု စတာတွေရဲ့ အကျိုးဆက်လို့ သုတေသနစာတမ်းက ဆိုပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်တဲ့ မုတ်သုန်လေမုန်တိုင်းများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် ဆက်စပ်ပြီး ဆားငန်ရေများ ကုန်းတွင်းဝင်ရောက်မှု၊ ကမ်းရိုးတန်း ကုန်းမြေပျော့ နိမ့်ကျလာမှု soft ground subsidence၊ မြေအောက်ရေ အလွန်အမင်းထုတ်ယူမှုစတဲ့ ဆိုးကျိုးများဟာလည်း လူသားတွေရဲ့ လုပ်ဆောင်မှုနဲ့ ဆက်စပ်နေပါတယ်။

သုတေသနစာတမ်းအရ ဘင်္ဂလားပင်လယ်အော်နဲ့ ဧရာဝတီမြစ်ဝမှာ လက်ရှိ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နှုန်း(တနှစ် နှစ်မီလီ)အတိုင်းဆိုရင် ၂၀၅၀ ခုမှာ ၅၆ စင်တီ (မီတာဝက်)ခန့် မြင့်လာမှာ ဖြစ်ပြီး ရန်ကုန်မြို့ မြေပြင်ဟာ ၂၀၁၄-၂၀၁၇ အတွင်း တနှစ် ၁၀ မီလီမှ ၁၁၀ မီလီအထိ နိမ့်ကျလာတာကို တွေ့ရှိထားပါတယ်။

၄၄ နှစ် အတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းရဲ့ အနောက်ဘက်ခြမ်း (ပုသိမ်၊ လပွတ္တာ)မှာ တိုက်စားမှု ပိုများလာ (တစ်နှစ် ၁၀ မီတာနှုန်း)ပြီး မြစ်ဝကျွန်းပေါ်အရှေ့ပိုင်း (ဒလ၊ ရန်ကုန်)ဘက်မှာတော့ နုန်းတာပြင် (mudflat)များ ပင်လယ်ဘက် တိုးလာပါတယ်။ (အောက်ပုံ)

ဒီဖြစ်စဉ်တွေ အားလုံးဟာ အထက်က ဆိုခဲ့သလို Ecology နဲ့ Economy အားပြိုင်မှုရဲ့ အကျိုးဆက်တွေပါ။ စီးပွားရေးအတွက် ငါးကန်ဆောက်မယ်၊ ကျောက်မိုင်းတူးမယ်၊ သဲ ကျောက်စရစ်တူးမယ်၊ လျှပ်စစ်အတွက် စိုက်ပျိုးရေးအတွက် ရေကာတာ ဆောက်မယ်၊ ထင်းအတွက် သစ်ပင်ခုတ်မယ်။ ဒါတွေအားလုံးဟာ နိုင်ငံတစ်ခုရဲ့ တိုးပွားလာသောလူဦးရေနဲ့အတူ ဖြစ်လာတာပါ၊ Economy အားကောင်းလုပ်တော့ Ecology ကို ထိခိုက်လာတာပါပဲ။

ဒါတွေအားလုံးကို စည်းကမ်းတကျ ဖြစ်အောင် ဘယ်လို ထိန်းချုပ်မလဲ။

စာတမ်းနိဂုံးချုပ်မှာ serious dearth of scientific knowledge သိပ္ပံနည်းပညာဆိုင်ရာ ဗဟုသုတအလွန်နည်းပါးခြင်းကို လိုအပ်တဲ့ အချက်အလက် စုဆောင်းမှု data collection၊ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအပြစ်များ ဆန်းစစ်မှု Environmental impact assessment၊ စောင့်ကြည့် ထိန်းသိမ်းမှု monitoring and maintenance၊ နည်းပညာဆိုင်ရာ ပံ့ပိုးမှု remote sensing, GIS technology and survey စတာတွေနဲ့ အားဖြည့်ရင်း အနာဂတ်ဧရာဝတီနဲ့ မြစ်ဝကျွန်းပေါ်ဒေသရဲ့လူနေမှုဘဝကို ရေရှည် တည်တံ့အောင် အားလုံး လုပ်ဆောင်သွားကြရမှာဖြစ်တယ်လို့ ဖော်ပြထားပါကြောင်း။

Reference,

Dan Chen, et al , 2020, Recent evolution of the Irrawaddy (Ayeyarwady) Delta and the impacts of anthropogenic activities: A review and remote sensing survey, Geomorphology, https://authors.elsevier.com/a/1bBVZ,3sl3mxlM (free download until 25 July)

ဆက်လက်လေ့လာဖတ်ရှုရန် –

မြစ်ဝကျွန်းပေါ်တစ်ခုပေါ်ထွန်းခြင်း

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ

Share this:

Click to share on Twitter (Opens in new window)Click to share on Facebook (Opens in new window)

မြစ်ဝကျွန်းပေါ်တစ်ခုပေါ်ထွန်းခြင်း

ON SEPTEMBER 24, 2021 BY UKYAWOOIN SEA LEVEL RISE

ရှေးနှစ်ပေါင်းထောင်ပေါင်းများစွာက ဧရာဝတီမြစ်ဝကျွန်းပေါ်ဟူ၍မရှိခဲ့ဘဲ ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်၊ ယခုပဲခူးဟင်္သာကုန်းသည် ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်ချိန် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော် ၃၀၀၀ ခန့်က ပင်လယ်ထဲက ကျွန်းကလေးတစ်ကျွန်းဖြစ်သည်ဟု ဆိုသည်။ ထို့အတူ ရခိုင်ရိုးမတောင်တန်း၊ လက်ရှိမြောင်းမြမြို့နေရာနှင့် တွံတေးတောကြီးတန်းသည်လည်း ပင်လယ်ထဲက ကျွန်းများ ဖြစ်ခဲ့ကြသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေစီးတွင် ပါလာသော နုန်းနှင့်သဲများ ပင်လယ်ဝ၌ ဖြည်းဖြည်းချင်း စုပုံ အနည်ထိုင်လာရင်း နှစ်ပေါင်းထောင်သောင်းချီပြီးကြာသောအခါ ယနေ့မြင်တွေ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဖြစ်လာသည်ဟု ဘူမိမှတ်တမ်းများက ဆိုသည်။

နုန်းနှင့်သဲများကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဖြစ်ထွန်းလာခဲ့ရာမှ လက်ရှိအချိန်တွင် နုန်းပြင်ကြီးသည် ပင်လယ်ထဲသို့ မိုင်ပေါင်းများစွာ ထိုးထွက်နေကြောင်း အောက်ပါပုံတွင် မြင်နိုင်သည်။

The Moderate Resolution Imaging Spectroradiometer (MODIS) aboard NASA’s Aqua satellite

ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ဂြိုဟ်တုမှဗီဒီယိုရိုက်ချက် ရှုစားရန်

စုပုံလာသောနုန်းနှင့် သဲများ၏ပမာဏ မည်မျှများပြားကြောင်း ဆည်မြောင်းအင်ဂျင်နီယာများ ကိုယ်တွေ့သိရှိကြရာ ဆည်မြောင်းညွှန်မှူး(ငြိမ်း)ဦးအေးမြင့်က သထုံဘက်တွင် တာဝန်ကျစဉ် သူ့အတွေ့အကြုံကို အောက်ပါအတိုင်း မျှဝေထားသည်။

နွေစပါးစိုက်နိုင်ရေးအတွက် မိုးကုန်ကတည်းက ချောင်းတွေ မြစ်ငယ်လေးတွေပိတ်၊ တာတမံတုတ်ပြီး မိုးရေ စုဆောင်းသိုလှောင်ရတယ်။ အဲဒီမိုးရေနဲ့ နွေစပါးစိုက်ပြီးတော့ နောက်မိုးမလာမီ ရေစီးရေလာအတွက် ချောင်းကို ပြန်ဖွင့်ပေးကြရတယ်၊ ပြန်ဖွင့်ချိန်မှာ တမံနဲ့ကပ်လျက် ချောင်းထဲမှာ တစ်နွေလုံးစုပုံလာခဲ့တဲ့ နုန်းတွေဟာ ချောင်းဘေးဝဲယာက လယ်တွေနဲ့အညီ ကမ်းတိုက်နီးနီး ပိတ်ဆို့တင်ကျန်နေတာကို တွေ့ရတယ်။ အဲဒီနုန်းတွေက မိုးတွင်းတွေမှာ စစ်တောင်းမြစ်ရိုးအတိုင်းစီးဆင်းလာခဲ့ပြီး ပင်လယ်ဝနားရောက်နေတဲ့နုန်းတွေ ဖြစ်တယ်၊ ပင်လယ်ဒီရေနဲ့ပြန်ပါလာပြီး တမံရဲ့အောက်မှာ လာပုံနေတာ။ ချောင်းပြန်ဖွင့်အပြီး မိုးရာသီရောက်ချိန် အပေါ်ရေဆင်းလာမှ နုန်းတွေ ရေစားမျောပါသွားပြီး ချောင်းလုံး ပြန်ပေါ်တယ်။ မိုးတွင်း ဇွန်လ ဇူလိုင်လကုန်လောက်မှ ချောင်းပြင်တစ်ခုလုံး နုန်းကင်းစင်ပြီး ပွင့်သွားတာ နှစ်စဉ်တွေ့ခဲ့ရဖူးပါတယ်။

ဦးအေးမြင့်တွေ့ခဲ့သော စစ်တောင်းမြစ်၏အစိတ်အပိုင်းတစ်ခုတွင်ပင် နုန်းပမာဏအလွန်များလှရာ စစ်တောင်းမြစ်တစ်ခုလုံးဆိုလျှင် မည်မျှများပြားကြောင်း မှန်းဆကြည့်နိုင်ပါသည်။

ပူးတွဲပုံသည် အမြင့်မိုင် ၂၄၀ ခန့်၌ ပျံသန်း နေသည့် နိုင်ငံတကာ အာကာသ စခန်း (International Space Station (ISS)) ရှိ ယာဉ်မှူးတစ်ဦးက ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီနှင့်စစ်တောင်းမြစ်ဝများအား ရိုက်ယူခဲ့သည့်ပုံများ ဖြစ်သည်။

ဤပုံ၌လည်း ပင်လယ်ထဲသို့ မိုင်ပေါင်းများစွာ ထိုးထွက်နေသော နုန်းပြင်ကြီးကို မြင်နိုင်သည်။

နေရောင်က ကင်မရာရှိရာသို့ရောင်ပြန်ဟပ်နေသောအပိုင်းကို တောက်ပစွာ မြင်ရသည်။ ထိုသို့တောက်ပနေမှ ကမ်းရိုးတန်းအခြင်းအရာများကို ကောင်းစွာမြင်ရသဖြင့် ကင်မရာကို တမင်တကာချိန်ရွယ်ရိုက်ထားခြင်း ဖြစ်သည်။

ပုံ၌ စိတ်ဝင်စားဖွယ်အချက်နှစ်ခုရှိသည်။

ပထမအချက်မှာ ဧရာဝတီမြစ်တွင် မြစ်ဝကျွန်းပေါ်ရှိပြီး စစ်တောင်းမြစ်၌ မြစ်ဝကျွန်းပေါ်မရှိပေ။

မြစ်တစ်စင်းသည်-

၁-ရေစီးနှေးပြီး ပုံမှန်စီးနေမှ နုန်းများအနည်ထိုင်ပြီး မြစ်ဝကျွန်းပေါ်ဖြစ်တည်လာမည်။

၂-မြစ်ဝ၌ လှိုင်းထန်လျှင် မြစ်ဝကျွန်းပေါ် မရှိနိုင်။

၃-မြစ်ဝ၌ ဒီရေအားကောင်းလျှင် မြစ်ဝကျွန်းပေါ် မရှိနိုင်။

စိတ်ဝင်စားဖွယ်အခြားတစ်ချက်အဖြစ် ဧရာဝတီနှင့်စစ်တောင်းမြစ်များမှ ပို့ချသောနုန်းအနည်များ ကမ်းရိုးတန်းမှ မိုင်ပေါင်းများစွာဝေးသော ရေအောက်ကြမ်းပြင်အထိ ရောက်ရှိနေသည်ကို တွေ့နိုင်သည်။ စစ်တောင်းမြစ်၏အနည်များသည် ဧရာဝတီ၏အနည်များထက်ပင် ပို၍ဝေးသောအပိုင်းအထိရောက်နေသည်။

ယင်းအနည်များ တဖြည်းဖြည်းများလာရင်း နောင်နှစ်ပေါင်း ထောင်တန်းသောင်းတန်း ကြာသောအခါ ကုန်းမြေအသစ်များအဖြစ် ပေါ်ထွက်လာစရာအကြောင်း ရှိသည်။ ထိုသို့ကုန်းမြေအသစ်အဖြစ် ပေါ်ထွက်လာနိုင်သောကြောင့် ယင်းနေရာကို Prodelta ဟုခေါ်သည်။ “မြစ်ဝကျွန်းပေါ်လောင်းလျာ”ဟု ပြန်ဆိုနိုင်မည်ထင်သည်။ ပုံတွင် 7 ပြထားသောအပိုင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် တစ်ချိန်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ် ချဲ့ကားထွက်လာကာ စစ်တောင်းမြစ်ဝကျွန်းပေါ်ဟူ၍ ပေါ်ထွန်းလာရန်ရှိသော်လည်း ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေပြင်မြင့်တက်လာသဖြင့် အနိမ့်ပိုင်းကျွန်းငယ်အချို့ ရေအောက်ရောက်သွားလျက်ရှိရာ ဧရာဝတီနှင့်စစ်တောင်းတို့၏ “မြစ်ဝကျွန်းပေါ်လောင်းလျာ”များသည် တကယ့်မြစ်ဝကျွန်းပေါ်များအဖြစ် ပေါ်ထွက်လာရန် မသေချာတော့ပေ။

Share this:

Click to share on Twitter (Opens in new window)Click to share on Facebook (Opens in new window)

Related

ညစ်ညမ်းဧရာဝတီ

October 7, 2021

In “Pollution”

ဧရာဝတီရေဝေဒေသ

September 23, 2021

In “Water”

တရုတ်ပြည်မှာရွာသည့်မိုး

October 4, 2021

In “Adaptation and